ထားဝယ်အကျဥ်းထောင်က ဒု/ထောင်မှူးအိမ်မှာ မူးယစ်ဆေး၊ ဖုန်းအလုံး ၇၀ ကျော်နဲ့ ကျည်ဆံတွေ ဖမ်းမိ

ဩဂုတ် ၁၆ – ၂၀၂၃
GG (VOM)

တနင်္သာရီတိုင်း၊ ထားဝယ်အကျဥ်းထောင်က အကျဥ်းဦးစီးအရာရှိ ဒု/ထောင်မှူးဖြစ်သူရဲ့ ဝန်ထမ်းလိုင်းခန်းနေအိမ်က​နေ မူးယစ်ဆေးဝါးတွေနဲ့အတူ ဖုန်းတွေ ၊ ကျည်ဆံတွေ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ် ။

ဖြစ်စဥ်မှာ ဩဂုတ်လ ၁၄ ရက် မွန်းလွဲပိုင်းမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အကျဥ်းဦးစီးဌာနက ဝန်ထမ်းအိမ်ယာမှာ နေထိုင်တဲ့ ဒု/ထောင်မှူးဖြစ်သူ ဦးသူရိန်ထွန်း အိမ်ကို ဝင်ရောက်ရှာဖွေရာကနေ ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ သိရပါတယ် ။

အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး ထားဝယ်မြို့လုံခြုံရေး အဖွဲ့နဲနီးစပ်သူတစ်ဦးက ” အကျဥ်းဦးစီးဌာနက သုံးပွင့်ရှိတဲ့သူပါ ၊WY အပြား ၄၀၀ မိတယ် ၊ ကျည်ဆံတွေက ခြောက်လှန့်ပစ်ခတ်ဖို့ ထုတ်ယူထားပြီး အိမ်မှာသိမ်းထားတဲ့ ပစ္စည်းတွေ ၊ ကျည်ဆံတွေက အမှုဖွင့်မရဘူး ၊ တရားဝင် ပစ္စည်းတွေဖြစ်လို့ပါ”လို့ ပြောပါတယ် ။

ဒု/ထောင်မှူး နေအိမ်ကနေ ဖမ်းဆီးရမိတဲ့ပစ္စည်းတွေကတော့ ကီးပက်ဖုန်းမျိုးစုံ(၄၉)လုံး၊ Touch Screen ဖုန်းအလုံး(၃၀) ၊ ပါဝါဘန့် ၊အားသွင်းကြိုး(၃၀)ကျော်၊ ၉မမ ကျည်(၁၀၀)ကျော်နဲ့ ၅.၅၆ ကျည်(၆၀)ကျော် ၊ WY ဆေးပြား၊ ICE ၄၄.၅၁ ဂရမ် ၊ ဆေးခြောက် ၄.၁၈ ဂရမ်တွေဖြစ်တယ်လို့ ကနဦးသတင်းတွေအရ သိရပါတယ်။

” ဆေးခြောက်တွေရော ၊ wy တွေရောမိတာလို့ကြားတယ်။ သတင်းရလို့ ဝင်စစ်ချိန် ဖမ်းမိတာလို့သိရတယ်။ပြီးခဲ့တဲ့လတုန်းကလည်း သူတို့ထောင်ဝန်ထမ်းတွေဆီကနေ မူးယစ်ဆေးတွေမိတာ ရှိခဲ့တော့ အဲ့ဒီအချိတ်အဆက်နဲ့ ဝင်စစ်တာဖြစ်ဖို့များတယ် “လို့ ထားဝယ်ဒေသခံတစ်ဦးကပြောပါတယ်။

လက်ရှိမှာ ဒု/ထောင်မှူး ဦးသူရိန်ထွန်းကို ဖမ်းဆီးကာ စစ်ဆေးမေးမြန်းမှုတွေလုပ်နေတယ်လို့လုံခြုံရေးတပ်ဖွဲ့နီးစပ်သူတွေဆီက သိရပါတယ်။

အရင် ဇူလိုင် ၁၁ ရက်ကလည်း ထားဝယ်အကျဥ်းထောင်ဝန်ထမ်းအချို့အပါအဝင် မူးယစ်အမှုနဲ့ ထောင်ကျနေတဲ့ အကျဉ်းသားအချို့ဆီကနေ မူးယစ်ဆေးတွေ ဖမ်းဆီးရမိတာ ရှိခဲ့ကာ ဇူလိုင် ၃၀ ရက်ကလည်း ထောင်းအတွင်း ထပ်မံစစ်ဆေးရာ အကျဥ်းသားအချို့ဆီကနေ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့တာရှိတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ထားဝယ် #ဒုထောင်မှူး #မူးယစ်ဆေးဖမ်းဆီးမှု

Related posts

Leave a Comment

VOM News

FREE
VIEW