အခေါက်ရွှေ ပြင်ပဈေး တစ်ကျပ်သား ၃၈ သိန်းကျော် ရောက်လာ

ဩဂုတ် ၁၆ – ၂၀၂၃
SN (VOM)

ပြည်တွင်း အခေါက်ရွှေ ပြင်ပဈေးဟာ မနေ့ ဩဂုတ် ၁၅ ရက်ကစလို့ တစ်ကျပ်သား ကျပ် ၃၈ သိန်းအထက် ရောက်ရှိလာတယ်လို့ ဈေးကွက်အတွင်းက သိရပါတယ်။

ပြင်ပရွှေပေါက်စျေးဟာ မနေ့ ဩဂုတ် ၁၅ ရက်၊ နေ့လယ်ပိုင်းက ကျပ် ၃၇၃၀၀၀၀ ဝန်းကျင်မှာ ရှိနေခဲ့ရာက အဲ့ဒီ့နေ့ ညနေပိုင်းမှာ ၃၈၁၀၀၀၀ ဝန်းကျင်ကို ရောက်ရှိခဲ့တာဖြစ်ပြီး ဒီကနေ့ ဩဂုတ် ၁၆ ရက်၊ မွန်းလွဲပိုင်းမှာတော့ ၃၈၂၀၀၀၀ ဝန်းကျင် ပေါက်ဈေးရှိနေတယ်လို့ သိရပါတယ်။

“ဒေါ်လာဈေးကလည်း တရိပ်ရိပ် တက်နေတယ်။ ဘတ်ဈေးကလည်း ၁၀၀ အထက်ကို ရောက်လာတယ်။ ကျပ်ငွေတန်ဖိုးတွေ ဆက်တိုက် ကျဆင်းနေတဲ့အတွက် ရွှေဝယ်စုတာတွေ ပိုများလာတယ်။ အဲ့ဒါကြောင့် ရွှေဈေးက အတက်ဘက်ကို ပိုရောက်နေတာ။ ဒီအတိုင်းဆို ထိပ်စည်းပြောင်းမယ့်သဘောမှာ ရှိနေတယ်။ ရွှေလောက ကတော့ လောလောဆယ် အခြေအနေမကောင်းဘူးလို့ပဲ ပြောရမှာပါ”လို့ ရွှေလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

ဒီနေ့ ဩဂုတ် ၁၆ ရက်၊ နေ့လယ်ပိုင်း ပြင်ပ ငွေလဲဈေးကွက်အတွင်းမှာ အမေရိကန်တစ်ဒေါ်လာ ပေါက်‌ဈေး ၃၆၆၅ ကျပ်ဝန်းကျင်၊ ထိုင်းဘတ် ၁၀၄ ကျပ်ဝန်းကျင်၊ တရုတ်ယွမ် ၅၁၀ ဝန်းကျင် ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

လက်ရှိမှာ ရွှေနဲ့ ငွေလဲနှုန်း မြင့်တက်နေမှုနဲ့ပတ်သက်လို့ ဖမ်းဆီးအရေးယူမှုတွေ ရှိနေတာကြောင့် ရွှေဈေးကွက်မှာ အမှန်တကယ်အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးနှုန်းတွေကို ရွှေဆိုင်တွေက ဖော်ပြခြင်းမရှိဘဲ အရောင်းအဝယ် ပြုလုပ်နေတဲ့အတွက် မှောင်ခိုဈေးကွက်သာ ပိုပြီးအားကောင်းနေတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ပြင်ပရွှေဈေးကဏ္ဍ

Related posts

Leave a Comment

VOM News

FREE
VIEW