ရွှေဘိုနယ်မှာ ၂နှစ်ကျော်ကာလအတွင်း ဆန်ကုန်သည်နဲ့ စပါးပွဲစား အသတ်ခံရသူ ၁၀ယောက်ထက်မနည်းရှိခဲ့

သြဂုတ် ၁၉-၂၀၂၃
SP ( VOM)

စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ရွှေဘိုမြို့ပေါ်နဲ့ မြို့နယ်ထဲက ကျေးရွာတွေမှာ ပြီးခဲ့တဲ့ ၂နှစ်ကျော်ကာလအတွင်း ဆန်ကုန်သည်နဲ့ စပါးပွဲစားတွေ လုယက်ဓားပြတိုက်ခံရတဲ့ဖြစ်စဥ်တွေကြောင့် အသတ်ခံရလို့ သေဆုံးရသူပေါင်း ၁၀ ယောက်ထက်မနည်းရှိခဲ့တယ်လို့ ဒေသခံ ဆန်ကုန်သည် အသိုင်းအဝိုင်းဆီက သိရပါတယ်။

” မနေ့က မနက် ၁၀ နာရီဝန်းကျင်က ရွှေဘိုမြို့ ၊ အမှတ် ၈ ရပ်ကွက် ၊ အောင်ချမ်းသာစျေးနားမှာရှိတဲ့ ဆန်ကုန်သည် ဦးသန့်ဇင် နေအိမ် ဓားပြတိုက်ခံရတယ် ၊သူက ဆန်ဆိုင်လည်း ဖွင့်ထားတယ် ၊ ဆိုင်ထဲမှာ လူတွေရှိနေတုန်း ၊ ဆန်ဝယ်ဖို့ ဆန်အမျိုးအစား ကြည့်ဦးမယ်ပြောပြီးဓားပြက ဝင်တိုက်တာပါ ၊ ဆန်ဖိုးငွေ သိန်း ၂၀၀ ကျော်ပါသွားတယ် ၊ ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်နေ့ကလည်း ရွှေဘိုနယ် ချီပါမြောက်ရွာက ဆန်းစက်ပိုင်ရှင် တယောက်လည်း သူ့စက်ရုံထဲမှာတင် ဓားပြတိုက် လုယက်ပြီး အသတ်ခံရတယ် ၊ ဝက်လက်မြို့နယ်ဘက်က စပါးပွဲစားတွေလည်း လုယက်ခံရတာတွေများလာလို့ ဆန်စက်သူဌေးတွေဆီက စပါးဝယ်ဖို့ ပိုက်ဆံကြိုမထုတ်ရဲတော့ဘူး”လို့ ရွှေဘိုမြို့ခံ ဆန်လုပ်ငန်းရှင် တယောက်က ပြောပါတယ်။

ဒါ့အပြင် ဝက်လက်မြို့နယ်မှာ နေထိုင်တဲ့ စပါးပွဲစား တယောက်က “ရွှေဘိုခရိုင်မှာက အရင်က ၆ မြို့နယ်ဖြစ်တယ် ၊ ရွှေဘို ၊ ဝက်လက် ၊ ဒီပဲယင်း ၊ ရေဦး ၊ ခင်ဦး ၊ တန့်ဆည်စတဲ့မြို့တွေဖြစ်တယ် ၊ အဲ့ဒီမြို့နယ်တွေအားလုံးက စပါးတောတွေဖြစ်တယ် ၊ အားလုံးကလည်း စပါးတောင်သူတွေဖြစ်ပြီး နွေစပါး ၊ မိုးစပါး ၂ သီးလုံးစိုက်ကြတယ် ၊ ဓာတ်မြေသြဇာ စျေးနူန်းကြီးမြင့်မှုနဲ့ စိုက်ပျိုးစရိတ် ကြီးတာမို့ တောင်သူအများစုက စပါးပွဲစားတွေဆီက စပါးပေါ်ပေး ကြိုငွေယူကြတယ် ၊ အခုဆိုရင် ဓားပြရန်ကိုကြောက်ရတာကြောင့် စပါးပွဲစားတွေက ငွေမထုတ်ကြတော့ဘူး ၊ အဲ့ဒါကြောင့် စိုက်ပျိုးစရိတ် မရှိတဲ့တောင်သူတွေ မစိုက်ရတော့ဘူး” လို့ ပြောပါတယ်။

ရွှေဘိုခရိုင်ထဲက ဆန်လုပ်ငန်းရှင်တွေ လုယက်ဓားပြတိုက်ခံရတာနဲ့ ပတ်သက်ပြီး ခင်ဦးမြို့ခံ ဆန်လုပ်ငန်းရှင် တယောက်ကလည်း ” စပါးပွဲစားဆိုတာ တောင်သူတွေဆီ ပိုက်ဆံဖြန့်ပေးရတဲ့ တာဝန်နဲ့ စပါးပေါ်ချိန် စပါးသိမ်းပေးရတဲ့ တာဝန်ရှိတယ် ၊ ပြီးခဲ့တဲ့ ၂ နှစ်ကျော်ကစလို့ စပါးပွဲစားတွေ လုယက်ခံရတာ ၊ ဓားပြတိုက်ခံရတာ ၊ ပြန်ပေးဆွဲခံရတာနဲ့ အသတ်ခံရတာတွေရှိတယ် ၊ ရွှေဘို ၊ ဝက်လက် ၊ ခင်ဦး မြို့နယ်ထဲမှာ ဆန်ကုန်သည် ၊ ဆန်စက်ပိုင် ၊ စပါးပွဲစားတွေ ဓားပြတိုက်လုယက်ခံရသူပေါင်း ၃၀ ကျော်ရှိတယ် ၊ ပြန်ပေးဆွဲ ဖမ်းဆီးခံရပြီး သတ်ဖြတ်ခံရသူ ၂၀ ကျော်ရှိမယ် ၊ ဒီထက်များနိုင်တယ် “လို့ ပြောပါတယ်။

ဒါ့အပြင် ရွှေဘိုခရိုင်ထဲမှာရှိတဲ့ ဆန်းလုပ်ငန်းရှင်တွေနဲ့ ဆန်စက်ပိုင်တွေ အများစုဟာ ပြန်ပေးဆွဲ ဖမ်းဆီးခံရတာတွေ ၊ လုယက် ဓားပြတိုက်ခံရတာတွေကြောင့် လုပ်ငန်းခွင်ကို ထားခဲ့ပြီး အခြား မြို့ကြီးတွေဆီ နေရပ်စွန့်ခွာ ထွက်သွားကြတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။

#voiceofmyanmar #VOM #ရွှေဘို #ဆန်ကုန်သည် #စပါးပွဲစား #အသတ်ခံရမှု

Related posts

Leave a Comment

VOM News

FREE
VIEW