ဘရာဇီးတောင်ပိုင်းမှာ ရေဘေးကြောင့် လူ (၂၀) ကျော်သေဆုံး၊ အများအပြား ပျောက်ဆုံးနေ

ဘရာဆီးလီးယား၊ စက်တင်ဘာ-၆-၂၀၂၃
မျိုးဆက်(VOM)

ဘရာဇီးနိုင်ငံတောင်ပိုင်းမှာ ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်မှုကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုတွေဖြစ်ပွားခဲ့တာကြောင့် လူ ၂၁ ဦးသေဆုံးသွားကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

မုန်တိုင်းကြောင့် ထိခိုက်မှုတွေဟာ ပြည်နယ်သမိုင်းမှာ အဆိုးရွားဆုံး သဘာဝဘေးအန္တရာယ်ဖြစ်ကြောင်း ရီယိုဂရန်ဒီဒိုဆူလ် ပြည်နယ်အုပ်ချုပ်ရေးမှူးကပြောပါတယ်။ ရေကြီးရေလျှံမှုတွေကြောင့် ပြည်နယ်တွင်းရှိ ဒေသခံထောင်ပေါင်းများစွာ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ကြရပါတယ်။

လူဦးရေ ငါးထောင်သာရှိသော မူကမ်မြို့မှာတော့ မြို့ရဲ့ ၈၅ ရာခိုင်နှုန်း ရေနစ်မြုပ်ခဲ့ပြီး ဒေသခံရာပေါင်းများစွာကို နေအိမ်ခေါင်မိုးတွေပေါ်ကနေ ကယ်တင်ခဲ့ရကြောင်း ဒေသတွင်း သတင်းဌာနတွေက ဖော်ပြထားပါတယ်။

အဲဒီမြို့မှာ စက်တင်ဘာ ၅ ရက်က ရုပ်အလောင်း ၁၅ လောင်းထပ်မံတွေ့ရှိခဲ့တာကြောင့် သေဆုံးသူ ၂၁ ဦးထိ မြင့်တက်လာပြီဖြစ်ကြောင်း ရီယိုဂရန်ဒီဒိုဆူလ် ပြည်နယ်အုပ်ချုပ်ရေးမှူး အက်ဂျူရာဒိုက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ပျောက်ဆုံးနေသူအများအပြား ရှိနေတဲ့ အတွက် သေဆုံးသူအရေအတွက် တိုးလာနိုင်ကြောင်း သူကပြောပါတယ်။ ရီယိုဂရန်ဒီဒိုဆူလ်ပြည်နယ်တွင်းမှာ ၂၄ နာရီအတွင်း မိုးရေချိန် ၁၁ လက်မကျော်ရွားသွန်းခဲ့ကြောင်း တာဝန်ရှိသူတွေကပြောပါတယ်။

Ref:BBC
#voiceofmyanmar #VOM #ဘရာဇီး #ရေဘေး #လူ၂၀ကျော်သေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW