ရုရှားအတွက် လက်နက်ထောက်ပံ့ရင် တန်ဖိုးကြီးကြီးပေးဆပ်ရမယ်လို့ မြောက်ကိုရီးယားကို အမေရိကန် သတိပေး

ဝါရှင်တန်၊ စက်တင်ဘာ-၇-၂၀၂၃
မျိုးဆက်(VOM)

မြောက်ကိုရီးယားအနေနဲ့ ယူကရိန်းစစ်ပွဲမှာ အသုံးပြုဖို့အတွက် ရုရှားကို လက်နက်များထောက်ပံ့မယ်ဆိုရင် နောက်ဆက်တွဲဆိုးကျိုးများနှင့် ရင်ဆိုင်ရမှာဖြစ်ပြီး တန်ဖိုးကြီးကြီးပေဆပ်ရမယ်လို့ အမေရိကန်က သတိပေးပြောဆိုလိုက်ပါတယ်။

ရုရှားနဲ့ မြောက်ကိုရီးယားတို့အကြား လက်နက်ဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှုတွေ အရှိန်မြှင့်နေကြောင်း အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်က သတင်းထောက်တွေကို ပြောပါတယ်။

ရုရှားအတွက် လက်နက်တွေထောက်ပံ့တာဟာ မြောက်ကိုရီးယားအတွက် ကောင်းမွန်တဲ့ အကျိုးဆက်ရှိလာမှာမဟုတ်ကြောင်း၊ ဒီကိစ္စအတွက် နိုင်ငံတကာအသိုင်းအဝိုင်းမှာ တန်ဖိုးကြီးကြီး ပေးဆပ်ရမှာဖြစ်ကြောင်း သူကသတိပေးပြောဆိုပါတယ်။

မြောက်ကိုရီးယားဟာ ရုရှားအတွက် လက်နက်ခဲယမ်းမီးကျောက်တွေ သို့မဟုတ် အခြားစစ်လက်နက်ပစ္စည်းတွေ တင်ပို့ရောင်းချမှုကိုတော့ လက်ရှိအချိန်ထိ အမေရိကန်က အတည်မပြုနိုင်သေးကြောင်း ဂျိတ်ဆူလီဗန်ကပြောပါတယ်။

ဒါပေမယ့် မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်ဟာ ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ လက်နက်ဆိုင်ရာ ဆွေးနွေးမှုတွေပြုလုပ်ဖို့ ယခုလအတွင်း ရုရှားနိုင်ငံကို သွားရောက်ဖို့ စီစဉ်ထားကြောင်း အမေရိကန်သတင်းဌာနတွေက ဖော်ပြထားပါတယ်။

Ref:NHK
#voiceofmyanmar #VOM #မြောက်ကိုရီးယား #ရုရှား #လက်နက်ထောက်ပံမှု

Related posts

Leave a Comment

VOM News

FREE
VIEW