စက်တင်ဘာ ၁၀ – ၂၀၂၃
GG (VOM)
ရန်ကုန်မြို့၊ လှိုင်သာယာ(အရှေ့ပိုင်း)က အောင်ဇေယျကြိုးတံတားပေါ်မှာ ဓားဒဏ်ရာများစွာနဲ့အသတ်ခံထားရတဲ့ အဝတ်ဗလာ အမျိုးသမီးတစ်ဦးရုပ်အလောင်း စွန့်ပစ်ခံခဲ့ရမှု မနေ့ စက်တင်ဘာ ၉ ရက်နေ့က ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။
အဲ့ဒီအမျိုးသမီးရဲ့ခန္ဒာကိုယ်မှာ ဓားဒဏ်ရာပေါင်း ၁၅ ချက်ထက်မနည်းတွေ့ရှိရပြီး လက်ရှိမှာ အသတ်ခံရတဲ့အမျိုးသမီးဟာ မည်သူမည်ဝါဖြစ်ကြောင်းကို စုံစမ်းနေဆဲပဲလို့ သိရပါတယ် ။
“အဝတ်မပါဘူး မှောက်လျက်အနေအထားနဲ့သေနေတာပေါ့၊ဘယ်နေရာမှာ ဘယ်လိုသတ်ပြီး လာစွန့်ပစ်တာလဲ မသိရသေးဘူး။သတ်ပြီးအဝတ်ဗလာနဲ့ တံတားပေါ်လာထားတယ်ဆိုကတည်က အငြိုးနဲ့လုပ်တယ်လို့ထင်တယ်။အသက်က ၃၃ နှစ်လောက်ဆိုတာပဲ သိရသေးတယ်၊ကျန်တာမသိရသေးဘူး။ ဓားဒဏ်ရာတွေက ညာဘက် နားထင်၊ နားရွက်အောက်၊ လည်ပင်းနဲ့ လက်မောင်းမှာ ထိုးသွင်းဒဏ်ရာ၁ချက်စီတွေ့တယ်၊နောက် ဘယ်ညာ ရင်ဘတ်နဲ့ ဗိုက်မှာလည်း ဒဏ်ရာ ၅ချက်နဲ့ လက်ဖျံမှာ ပြတ်ရှုဒဏ်ရာ၆ ချက်တွေ့ရတယ်။ “လို့ လုံခြုံရေး တပ်ဖွဲ့ နဲ့နီးစပ်သူ(၁)ဦးကပြောပါတယ်။
လက်ရှိမှာ အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး လှိုင်သာယာ(အရှေ့ပိုင်း)မြို့မရဲစခန်းက ပုဒ်မ၃၀၂ နဲ့ အမှုဖွင့်ပြီး တရားခံဖမ်းမိရေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
စက်တင်ဘာလ ၄ ရက်နေ့ကလည်း လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ်၊ အမှတ် (၁၈) ရပ်ကွက်၊ အနန္တသူရိယလမ်းရှိ နေအိမ်တအိမ်မှာ ကလေးငယ်အပါ မိသားစု ၃ ယောက်ကို ဓားနဲ့ ခုတ်သတ်မှုဖြစ်ပွားခဲ့ပြီး တရားခံကိုတော့ စက်တင်ဘာ ၈ ရက်က ဖမ်းဆီးရမိခဲ့တယ်လို့ လုံခြုံရေးတပ်ဖွဲ့နဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းက သိရပါတယ်။
အရင်ကလည်း လှိုင်သာယာမှာ ပစ္စည်းလုယူကာ လူသတ်ပြီး အလောင်းကို လမ်းဘေးစွန့်ပစ်ခံရတဲ့ ဖြစ်စဥ်တွေဖြစ်ပွားခဲ့သလို ရန်ကုန်က ကျန်တဲ့မြို့နယ်တွေမှာလည်း အငှားယာဥ်မောင်းတချို့လည်း ကားလုယက်ခံရပြီး လူပါအသတ်ခံရပြီး အလောင်းစွန့်ပစ်ခံရတဲ့ဖြစ်စဥ်တွေ ရှိခဲ့ပါတယ်။
#voiceofmyanmar #VOM #ရန်ကုန်