ကျွဲတပ်ဆုံဂိတ်မှာ ကုန်တင်ကားတွေကို နှစ်ကြိမ်စစ်ဆေးနေလို့ ကုန်စိမ်းပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပေါ်နေ

မတ် ၁၁၊ ၂၀၂၅
ZY(VOM)
ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ မန္တလေးတိုင်းကို ဆက်သွယ်ထားတဲ့ မန္တလေးတိုင်း၊ သာစည်မြို့နယ်၊ အောင်ပန်း-ကလော-သာစည်လမ်းမကြီးရှိ ကျွဲတပ်ဆုံစစ်ဆေးရေးဂိတ်မှာ အခု မတ်လအစပိုင်းက စတင်ပြီး ကုန်တင်ကားတွေကို နှစ်ကြိမ်စစ်ဆေးမှု ပြုလုပ်နေတာကြောင့် ကုန်စိမ်းသီးနှံပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပေါ်နေတယ်လို့ ကုန်တင်ကားမောင်းနှင်သူတွေထံကနေ သိရပါတယ်။
ကျွဲတပ်ဆုံစစ်ဆေးရေးဂိတ်မှာ အရင်က x ray စက်နဲ့သာ စစ်ဆေးခဲ့ပေမယ့် အခုမတ်လ အစပိုင်းက စတင်ပြီး x ray စက်နဲ့ ပထမအကြိမ်စစ်ဆေးပြီးနောက် သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင်တွေက လူကိုယ်တိုင် ကုန်တင်ကားပေါ်တင်ဆောင်လာတဲ့ ပစ္စည်းတွေကို ထပ်မံစစ်ဆေးမှုတွေ ပြုလုပ်နေတာကြောင့် အချိန်ကြန့်ကြာကာ အထားမခံတဲ့ ကုန်စိမ်းသီးနှံတွေ ပျက်စီးဆုံးရှုံးနေရတယ်လို့ ဆိုပါတယ်။
“စစ်ဆေးတာက x-Rayစက်နဲ့ပဲ စစ်တာတောင် သာမန် အိမ်စီးကား တစ်စီးကို အနည်းဆုံး ၃ နာရီလောက် စောင့်ရတယ်။ ကုန်တင်ကားဆိုရင် ၁၀နာရီ၊ ၁၂နာရီနီးပါး စောင့်ရတယ်။ အခုက နှစ်ကြိမ်စစ်တာဆိုတော့ ၂ ရက်၊ ၃ ရက်လောက်ထိ စောင့်နေရတာ။ ကုန်စိမ်းတွေ၊ သစ်သီးတွေဆိုရင် ပုပ်သိုးပျက်စီးကုန်လို့ ခဏခဏ ဖြေရှင်းနေရတယ်။ အဲဒီလိုဖြစ်မှာစိုးလို့ တကြိမ်ပဲစစ်ပေးပါလားဆရာတို့လို့ တောင်းပန်လည်း မရဘူး”လို့ ကုန်တင်ကားမောင်းနှင်သူတယောက်က VOMကို ပြောပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်းဒေသက ထွက်ရှိတဲ့ ကုန်စိမ်းတွေကို ရှမ်းပြည်နယ်မြောက်ပိုင်း ကားလမ်းကြောင်း တွေကနေ တင်ပို့ဖို့ အဆင်မပြေသေးတဲ့အတွက် ရှမ်းတောင် လမ်းကြောင်းတခုတည်းကိုသာ အဓိကထား အသုံးပြုနေရတာကြောင့် ကျွဲတပ်ဆုံဂိတ်မှာ နေ့စဉ်ကားအစီးရေ ရာနဲ့ချီဟာ စစ်ဆေးမှုခံယူဖို့ စောင့်ဆိုင်းနေရတယ်လို့ သိရပါတယ်။
“ကားက အရမ်းများတာရယ်၊ အစစ်အဆေးကလည်း တော်တော်လေးများတယ်။ ဒါကြောင့် လမ်းက ပိတ်နေတာ။ လမ်းမှာပဲ ကြာနေတော့ ကုန်စည်စီးဆင်းမှုက နှေးကွေးလာတယ်။ မလိုအပ်ပဲ ဆုံးရှုံးမှုတွေ ဖြစ်တာပေါ့။ ကျနော်တို့အတွက်လည်း အဆင်မပြေ၊ စားသုံးသူအတွက်လည်း အဆင်မပြေဖြစ်ရတယ်။ ဒါကြောင့် အရင်လိုပဲ တစ်ကြိမ်ပဲ စစ်ဆေးပြီးသွားခွင့်ပြုစေချင်ပါတယ်”လို့ ကုန်သည်တယောက်က VOMကို ပြောပါတယ်။
အဲဒီကျွဲတပ်ဆုံဂိတ်မှာတော့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလနောက်ဆုံးပတ်လောက်ကတည်းက စစ်ဆေးမှုတင်းကြပ်မှုကြောင့် ကားတွေကြန့်ကြာမှုတွေရှိလာကာ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရမှုတွေ ရှိနေပေမယ့် လက်ရှိမှာတော့ ကားပိတ်ဆို့မှုအခြေအနေက တဖြည်းဖြည်းပိုဆိုးလာနေတာဖြစ်တယ်လို့လည်း သိရပါတယ်။
ဓာတ်ပုံ-CJ

Related posts

Leave a Comment

VOM News

FREE
VIEW