ဒေလီ၊ စက်တင်ဘာ-၁၁-၂၀၂၃
မျိုးဆက်(VOM)
တရုတ်နိုင်ငံအတွက် သူလျှိုလုပ်ကြောင်း စွပ်စွဲချက်နဲ့ ဗြိတိန်နိုင်ငံသားတွေကို ဖမ်းဆီးပြီးနောက် ဒီကိစ္စနဲ့ပတ်သက်ပြီး အလွန်စိုးရိမ်ပူပန်ကြောင်း ဗြိတိန်ဝန်ကြီးချုပ် ရီရှီဆူနက်ခ်က တရုတ်ဝန်ကြီးချုပ် လီချန်းကို ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ခေါင်းဆောင်နှစ်ဦးဟာ နယူးဒေလီမှာကျင်းပတဲ့ ဂျီ-၂၀ ထိပ်သီးဆွေးနွေးပွဲပြင်ပမှာ တွေ့ဆုံဆွေးနွေးခဲ့ရာမှာ ဗြိတိန်ဝန်ကြီးချုပ်ဆူနက်ခ်က အခုလိုက် ထုတ်ဖော်ပြောဆိုလိုက်တာဖြစ်ပါတယ်။
လန်ဒန်မြို့တော်ရဲတပ်ဖွဲ့ဟာ တရုတ်နိုင်ငံအတွက် သူလျှိုလုပ်တဲ့ သံသယနဲ့ ဗြိတိန်နိုင်ငံသားနှစ်ဦးကို မတ်လအတွင်းက ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ဆန်းဒေးတိုင်းမ်သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
သံသယရှိသူတွေထဲကတဦးဟာ နိုင်ငံခြားရေးမူဝါဒမှာ ပါဝင်ပတ်သက်နေတဲ့ ဥပဒေပြုအမတ်တွေအတွက် အချက်အလက်များစုဆောင်းပေးနေတဲ့ ပါလီမန်သုတေသနပညာရှင်ဖြစ်ကြောင်း အဲဒီသတင်းဌာနက ဖော်ပြထားပါတယ်။
မိမိတို့ရဲ့ပါလီမန်ဒီမိုကရေစီစနစ်မှာ ဝင်ရောက်စွက်ဖက်မှုတစုံတရာနဲ့ပတ်သက်ပြီး လွန်စွာစိုးရိမ်ပူပန်ကြောင်း ဗြိတိန်ဝန်ကြီးချုပ်က ထုတ်ဖော်ပြောကြားခဲ့ပြီး နှစ်ဘက်စလုံးအနေနဲ့ မတူကွဲပြားမှုတွေကို ကောင်းစွာကိုင်တွယ်ဖြေရှင်းသင့်ကြောင်း တရုတ်ဝန်ကြီးချုပ်လီချန်းက ပြောကြားခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Ref: NHK
#voiceofmyanmar #VOM #BritishPMExpresses #ConcernsToChina #overAllegedSpy #InParliament