စက်တင်ဘာ ၁၂ – ၂၀၂၃
GG (VOM)
ပဲခူးတိုင်းအနောက်ပိုင်း၊ သာယာဝတီမြို့နယ်၊ သာယာအေးကျေးရွာနားမှာ ဒီနေ့ စက်တင်ဘာ ၁၂ ရက် မနက်အစောပိုင်းက ပစ်ခတ်မှုဖြစ်ပြီး လူ ၃ ယောက်သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
” အဲ့ဒီသာယာအေးရွာနားမှာက လုံခြုံရေးအဖွဲ့ရှိတယ်၊အဲ့ဒီနားမှာ ပစ်ခတ်မှုတွေဖြစ်တာ၊ရောက်တော့သိရတာ ၃ ယောက်သေတယ်လို့ သိရတယ်။ သေတာ လူငယ်အမျိုးသားတွေပါ လက်နက်တွေလည်းမိတယ်သိရတယ်”လို့ သာယာဝတီဒေသခံ(၁)ဦးကပြောပါတယ်။
မနေ့က သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့၊စံရွေးတန်းရပ်ကွက်က အမျိုးသမီးအုပ်ချုပ်ရေးမှူး ဒေါ်သိမ့်သိမ့်လွင် သာယာအေးရွာနားမှာ အသတ်ခံရပြီးနောက် အခုလိုပစ်ခတ်မှုဖြစ်ကာ လူ ၃ ယောက်သေဆုံးခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
” စစ်ဆေးဖို့ရပ်ခိုင်းတာကို ထွက်ပြေးတော့ ပစ်ခတ်မှုဖြစ်ပြီး ၃ ယောက်လုံးသေတယ်၊ တစ်ယောက်က နံစောင်းဖောက်ဝင်တယ်၊နောက်၂ယောက်က လည်ပင်းနဲ့ ကျောကိုဖောက်ဝင် ဒဏ်ရာကြောင့်သေတယ်။ မနေ့က အုပ်ချုပ်ရေးမှူး အသတ်ခံရပြီးတော့ အခုလိုစောင့်ပြီး လုံခြုံရေးယူရာကနေ ပစ်ခတ်မှုဖြစ်တာပေါ့၊သူတို့ဆီက လက်လုပ်မိုင်း ၅ လုံး၊ လက်ပစ်ဗုံး ၁ လုံး၊ ဆိုင် ကယ် ၁ စီး သိမ်းဆည်းရမိတယ် ” လို့ သာယာဝတီမြို့နယ် လုံခြုံရေးတပ်ဖွဲ့နဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။
စံရွေးတန်းရပ်ကွက် အုပ်ချုပ်ရေးမှူးဖြစ်သူ ဒေါ်သိမ့်သိမ့်လွင်ကိုတော့ မနေ့ စက်တင်ဘာ ၁၁ ရက် ညနေ ၆ နာရီကျော်လောက်မှာ သာယာအေးရွာမှာ ဆေးခန်းဖွင့်ထားတဲ့ သမီးဖြစ်သူကို ဆိုင်ကယ်နဲ့ကြိုပြီးပြန်လာချိန် အနီးကပ်သေနတ်နဲ့ပစ်သတ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။
အရင် စံရွေးတန်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းကလည်း ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နိုဝင်ဘာလထဲမှာ သေနတ်နဲ့ပစ်သတ်ခံခဲ့ရတာဖြစ်ပြီး အဲ့ဒီနောက်မှာ ဒေါ်သိမ့်သိမ့်လွင် ကိုအုပ်ချုပ်ရေးမှူးအဖြစ်ခန့်အပ်ခဲ့တာဖြစ်ပါတယ်။
#voiceofmyanmar #VOM #သာယာဝတီ