ကလေးဝမြို့နယ်မှာ လက်နက်ကြီးကျရောက်လို့ လူ ၃ ဦးသေ ၊ ၂ ဦး ဒဏ်ရာရခဲ့

စက်တင်ဘာ ၊ ၁၇ ၊ ၂၀၂၃
SP( VOM)

စစ်ကိုင်းတိုင်း ၊ ကလေးခရိုင် ၊ ကလေးဝမြို့နယ် ၊ ဂဇက်ကျေးရွာနားမှာ မနေ့ စက်တင်ဘာ ၁၆ ရက် ညနေပိုင်းက လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး ထိခိုက်သေဆုံးတာတွေရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

” မနေ့က ညနေ ၅ နာရီခွဲဝန်းကျင်လောက်မှာ ရွာနားကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာဖြစ်တယ် ၊ ရွာနားကိုရောက်နေတဲ့ လူစုထဲကို တည့်တည့်ကျတယ် ၊ လက်နက်ကြီးစတွေ ထိမှန်ပြီး လူ ၃ ဦး နေရာမှာပဲ သေတယ် ၊ ကျန် ၂ ဦးကတော့ စိုးရိမ်ရတဲ့ အနေအထားမှာရှိတယ်လို့ သိရတယ် ၊ သေဆုံး ဒဏ်ရာရသူတွေဟာ ဘယ်သူတွေဖြစ်တယ်ဆိုတာ အခုထိမသိရသေးဘူး ၊ စုံစမ်းနေတုန်းဖြစ်တယ်”လို့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။

ဂဇက်ကျေးရွာခံတယောက်က ” ကလေးဝ – မော်လိုက် ကားလမ်းမှာ မိုင်းတွေ ခဏခဏ ခွဲခံရတာတွေဖြစ်တယ် ၊ အဲ့ဒါကြောင့် စစ်ကြောင်းအဖွဲ့တွေရွာဘက်ကို လာတာတော့ရှိတယ် ၊ အခုလက်နက်ကြီးကျည်က ဘယ်အဖွဲ့က ပစ်တယ်ဆိုတာ မသိရသေးဘူး”လို့ ပြောပါတယ်။

အဲ့ဒီ ဖြစ်စဥ်နဲ့ပတ်သက်ပြီး ကလေးခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” ချင်းတွင်းမြစ်ကြောင်းမှာ နယ်မြေရှင်းလင်းရေး တိုက်ခိုက်ရေး ရေယာဥ်တွေ သွားလာတာတော့ရှိတယ် ၊ အဲ့ဒီ ရေယာဥ်တွေကို အမည်မသိ (စုံစမ်းဆဲ) လက်နက်ကိုင်အဖွဲ့တွေက ချောင်းမြှောင်းတိုက်ခိုက်တာတွေရှိတယ် ၊ မနေ့က ဂဇက်ရွာနားမှာ ဖြစ်တယ်လို့ကြားရတယ် ၊ ကနဦး သိရတာဆိုတော့ ဘာမှ ပြောလို့မရသေးဘူး ” လို့ ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ သြဂုတ် ၁၂ ရက် မနက် ၆ နာရီဝန်းကျင်က စစ်ကိုင်း တိုင်း ၊ ကန့်ဘလူမြို့နယ် ၊ ယမနေ ကျေးရွာထဲက လူနေအိမ်တွေပေါ်ကို လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲတာကြောင့် လူ ၆ ယောက်သေဆုံးပြီး ဒဏ်ရာရသူတွေလည်း အများအပြားရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

#voiceofmyanmar #VOM #ကလေးဝ #လက်နက်ကြီးကျရောက်မှု

Related posts

Leave a Comment

VOM News

FREE
VIEW