စားအုန်းဆီကို ငွေ ၄၀၀၀ ကျော်နဲ့ လူတိုင်းဝယ်လို့ရပြီလား..

စက်တင်ဘာ ၁၇ – ၂၀၂၃
GG (VOM)

စားအုန်းဆီစျေးနူန်း မြင့်တက်နေတာကို ထိန်းချုပ်ဖို့ဆိုပြီး တာဝန်ရှိသူတွေက အခြေခံရည်ညွန်းစျေး ၄၀၀၀ ကျော်နဲ့ ရောင်းချပေးဖို့ ဆီလုပ်ငန်းရှင်တွေကို ညွှန်ကြားထားပါတယ်။

ဒါကြောင့်လည်း ရန်ကုန်အပါအဝင် ကျန်တဲ့မြို့နယ်တွေအသီးသီးမှာ စားဆီခွဲတန်းရတဲ့ ဆိုင်တွေက စားအုန်းဆီ တပိဿာကို ၄၅၀၀ ကျပ်ကနေ ၅၀၀၀ ကျပ်နူန်းနဲ့ ဆီတွေရောင်းချပေးနေတာကို တွေ့ရပါတယ်။

စားအုန်းဆီ ရောင်းချတဲ့အခါ စားသုံးသူကို တန်းစီစနစ်နဲ့ ရောင်းချပေးပြီး လူတစ်ယောက်ကို အကြိမ်အရေအတွက်မရှိ တန်းစီ ဝယ်ယူနိုင်ခြင်း၊ ထမင်းဆိုင်တွေ၊စားသောက်ဆိုင်တွေ၊ အကြော်လုပ်ငန်း လုပ်ကိုင်သူတွေကို ၅ ပိဿာကနေ ၁၀ ပိဿာအထိ ရောင်းချပေးနေတာတွေရှိတယ်လို့ စျေးကွက်ထဲကနေ သိရပါတယ်။

ဒါ့ကြောင့်ပဲ စားအုန်းဆီကို တန်းစီဝယ်ယူပြီး ဆီဆိုင်ကို စျေးနူန်းတစ်မျိုးနဲ့ပြန်လည်ရောင်းချတဲ့ စျေးကွက်နဲ့ ကျေးရွာတွေကို ဆင်းပြီး အမြင့်စျေးနဲ့ ဆီ ပြန်လည်ရောင်းချတဲ့ စျေးကွက် ၊ ပဲအရောဆီ စျေးကွက်ဆိုပြီး တွင်တွင်ကျယ်ကျယ်ဖြစ်လာတာတွေ့ရပါတယ်။

” ဆီဆိုင်က ရောင်းပေးတယ် ၂ နာရီတောင်မကြာဘူး ကုန်သွားတယ်။ ဆီက တစ်အိမ်တစ်ယောက်မှ မဟုတ်တာ၊ကလေးကအစ အကုန်တန်းစီဝယ်နေကြတာ၊ပြီးရင် အနားတင်ပဲ ဒိုင်ကပြန်ကောက်တယ်၊ ၄၅၀၀ နဲ့ ဝယ်ရရင် ၇၀၀၀ ကောက်တယ်၊ အဲ့ဒါကိုပဲ အရောဆိုပြီး စျေးအမြင့်နဲ့ရောင်းကြတယ်။ အခုက ပုံမှန်အချိန် ဆီဆိုင်တွေ လိုက်မေးကြည့်ပါ စားအုန်းဆီ ဘယ်ဆိုင်မှမရောင်းဘူး။ပဲအရောပဲရှိတယ်။တကယ်လိုသူက စျေးကြီးပေးဝယ်နေရတုန်းပဲ၊ ” လို့ စားသုံးသူ တစ်ဦးကပြောပြပါတယ်။

တာဝန်ရှိသူတွေကတော့ ဆီရောင်းချသူတွေအနေနဲ့ ဆီကို စားသုံးသူဆီ ပြန်လည်ရောင်းချတဲ့အခါမှာ လက်ကားရည်ညွှန်းဈေးထက် ၁၀ ရာခိုင်နှုန်းထက် မပိုတဲ့ အမြတ်ရယူပြီးသာ ရောင်းချဖို့ နဲ့ သတ်မှတ်ရာခိုင်နူန်းထက် ပိုရောင်းခဲ့ရင် အရေးကြီးကုန်စည်ဥပဒေနဲ့အရေးယူမယ်လို့ အသိပေးထားပါတယ်။

ဒါ့ကြောင့် ဆီဆိုင်တွေက ခွဲတန်းဆီရောင်းချချိန်ကလွဲပြီး ကျန်အချိန်မှာ စားအုန်းဆီ ရောင်းချမှုမရှိဘဲ ပဲဆီ၊ နှမ်းဆီ ၊ နေကြာဆီ၊ ဟင်းသီးဟင်းရွက် ဆီ၊ပဲပိစပ်ဆီ နဲ့ ပဲအရောဆီ၊ နှမ်းရောဆီ၊ ပဲနှမ်းအရောဆီကိုသာ ရောင်းနေကြပါတယ်။

ပဲအရော ၊နှမ်းအရော ဆိုပြီး ရောင်းချတဲ့ဆီစျေးက တပိဿာကို ၁၅၀၀၀ ကျပ်အထိ ရောင်းချမှုရှိနေလို့ ကျေးရွာနေလူထုနဲ့ အမှန်တကယ်လိုအပ်တဲ့ အခြေခံလူတန်းစားတွေအတွက် ဒုက္ခရောက်နေကြရတယ်လို့ သိရပါတယ်။

” စားအုန်းဆီက မြို့က စျေးသည် လာရောင်းရင် ၈၀၀၀ စျေးနဲ့ဝယ်ရတယ်။အဲ့ဒီလိုမဟုတ်ရင် ရွာမှာ ၁၅၀၀၀ နဲ့ဝယ်စားရတယ်။သူတို့ကတော့ ပဲအရောလို့ပြောတာပဲ။မတတ်နိုင်ဘူး ဝယ်စားရတာပဲ။မြို့ပေါ်သွားတန်းစီဖို့ကလည်း မလွယ်ဘူး။အရင်ကမှ ၁၀၀၀၀ စျေးနဲ့ ဆိုင်တိုင်းဝယ်ရသေးတယ်၊အခုလျှော့စျေးနဲ့ ရောင်းပေးတယ်ဆိုမှ တစ်ဆယ်သားကို ၁၅၀၀ အထိဝယ်နေရတယ်၊ဟင်းချက်မှ တစ်ဆယ်သားဆီ ဝယ်ချက်ရတာပါ၊ပိဿာလိုက် မဝယ်နိုင်ပါဘူး”လို့ ကျေးရွာနေထိုင်တဲ့ စားသုံးသူတဦးကပြောပါတယ်။

ဒါ့ကြောင့် အခြေခံရည်ညွှန်းစျေးနဲ့ရောင်းချပေးနေတဲ့ စားအုန်းဆီတွေဟာ အမှန်တကယ် လိုအပ်တဲ့ စားသုံးသူတွေနဲ့ တနိုင်တပိုင်လုပ်ငန်းလုပ်ကိုင်သူတွေမရရှိဘဲ အမြတ်တင်ရောင်းသူတွေသာ အဓိကရနေပါတယ်။

စားအုန်းဆီ စျေးနူန်းကျဆင်းဖို့ဆိုရင် ဆီအရောင်းဆိုင်တိုင်းမှာ သက်သာတဲ့စျေးနူန်းနဲ့ လိုအပ်တဲ့ပမာဏအတိုင်း လုံလုံလောက်လောက်ဝယ်ယူရရှိနိုင်ဖို့ လိုအပ်တယ်လို့ ဆီရောင်းချသူတွေကပြောပါတယ်။

” အကန့်အသတ်နဲ့ဝယ်နေရသရွေ့ စျေးကထိန်းရမှာမဟုတ်ဘူး။ကျမှာလည်းမဟုတ်ဘူး။ဘယ်အချိန်၊ ဘယ်ဆိုင်မှာ ထဝယ်ဝယ် ဒီစျေးနဲ့ရရမယ်၊လိုချင်သလောက်လည်း ရမယ်ဆိုမှ ထိန်းနိုင်မယ်”လို့ ဆီကုန်သည်တဦးက မှတ်ချက်ပြုပါတယ်။

မြန်မာနိုင်ငံ ဆီလုပ်ငန်းရှင်အသင်းကထုတ်ပြန် တဲ့ စားအုန်းဆီလက်ကားရည်ညွှန်းဈေးက တပိဿာ ငွေကျပ် ၄၅၂၄ ကျပ် ဖြစ်တယ်လို့ သိရပါတယ်။

မြို့နယ်တွေက အရောင်းဆိုင်တွေအနေနဲ့ လက်ကားရည်ညွှန်းဈေးနဲ့ ဝယ်ယူလို့မရရင် “စားသုံးဆီဈေးနှုန်းတည်ငြိမ်စေရေးလုပ်ငန်းအဖွဲ့” ရဲ့ ဖုန်းနံပါတ်တွေဖြစ်တဲ့ ၀၉-၇၅၇၄၈၂၉၁၂ နဲ့ ၀၉-၇၅၆၅၇၅၂၁၆ ကို ဆက်သွယ်ပြီး တိုင်ကြားနိုင်တယ်လို့ ပြောဆိုထားပါတယ်။

လက်ရှိမှာတော့ အကြော်လုပ်ငန်းလုပ်ကိုင်သူတွေ၊ စားသောက်ဆိုင်တွေ ၊ တနိုင်တပိုင် လုပ်ငန်းလုပ်ကိုင်သူတွေလည်း စားအုန်းဆီ ဝယ်ယူလို့မရတဲ့ အခက်အခဲတွေကြုံတွေ့နေရပြီး တချို့ဆိုရင် လုပ်ငန်းရပ်ထားရသူတွေအထိရှိနေတယ်လို့သိရပါတယ်။

#voiceofmyanmar #VOM #စားအုန်းဆီကဏ္ဍ

Related posts

Leave a Comment

VOM News

FREE
VIEW