Maung Maung(VOM)
စက်တင်ဘာ- ၁၇- ၂၀၂၃
ညီနောင်မဟာမိတ် (၃)ဖွဲ့က နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ (သို့မဟုတ်) ပုဂ္ဂိုလ်တွေအပေါ် အနှောင့်အယှက် ပေးတာ ၊ ဆက်ကြေး တောင်းတာ စသဖြင့်ပြစ်မှုကျူးလွန်တဲ့ ဘယ်သူ့ကိုမဆို ဥပဒေအရ အရေးယူဖို့ ဆုံးဖြတ် ထားတယ်လို့ ထုတ်ပြန်ထားပါတယ်။
အဲဒီ ညီနောင် ၃ ဖွဲ့ ကတော့ ရက္ခိုင့် တပ်တော် (AA)၊ တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ကိုးကန့်တပ် တို့ဖြစ်ပါတယ်။
ညီနောင် အဖွဲ့ ၃ ဖွဲ့ရဲ့ ပူးတွဲထုတ်ပြန်ကြေညာချက်မှာ ဒေသတည်ငြိမ်အေးချမ်းရေးနဲ့ ပြည်သူ လူထု တစ်ရပ် လုံး ရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ကာကွယ်စောင့် ရှောက်ရေးဆိုတဲ့ တာဝန်ဝတ္တရား ကို ကျေကျေပွန်ပွန်ထမ်းဆောင်ဖို့အတွက် သူတို့ရဲ့ ထိန်းချုပ်နယ်မြေတွေနဲ့ လှုပ်ရှားနယ်မြေတွေ ထဲမှာ အကြမ်း ဖက်တိုက်ဖျက်ရေးနဲ့ ရာဇဝတ်မှုကျူးလွန်တဲ့ လုပ်ရပ်တွေကို ချေမှုန်းဖို့ တက် တက်ကြွကြွအတူတကွ ပူးပေါင်းဆောင် ရွက်သွားနိုင်ဖို့ သဘောထားထုတ်ပြန်တာ ဖြစ်တယ်လို့ သိရပါတယ်။
အဲဒီထုတ်ပြန်ချက်မှာတော့ ဒေသတည်ငြိမ်အေးချမ်းရေး၊လုံခြုံရေး နဲ့ သူတစ်ပါးရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ ကို ထိခိုက်စေနိုင်တဲ့ ဘယ်လိုအကြမ်းဖက်လုပ်ရပ်ကျူးလွန်သူတွေကို ပဲ ဖြစ်ဖြစ် ၊ ဘယ်အချိန်ဘယ်အခါမှာပဲ ဖြစ်ဖြစ် အားမပေး ဘဲ တားဆီးတိုက်ဖျက် ချေမှုန်းသွားမယ်လို့ရေးထားတာပါ။
ပြီးတော့ ရာဇဝတ်မှုကျူးလွန်တဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်တဲ့ ပစ္စည်းဥစ္စာတွေကိုလည်း ဥပဒေနဲ့ အညီထိန်းသိမ်း စစ်ဆေးပြီး နည်းမှန်လမ်းမှန်အရေးယူသွားမယ်လို့လည်း ဖော်ပြထားပါတယ်။
ဒါ့အပြင် နိုင်ငံတကာက လာရောက်ရင်းနှီးမြှုပ်နှံတဲ့ စီမံကိန်းတွေကို နှောင့်ယှက်ဖျက်ဆီးတဲ့သူတွေကို ထိထိ ရောက်ရောက် အရေးယူဆောင်ရွက်သွားမှာ ဖြစ်ပြီးတော့ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ (သို့မဟုတ်) ပုဂ္ဂိုလ်တွေကို အနှောင့်အယှက်ပေးတာ၊ ဆက်ကြေး တောင်းတာ စသဖြင့် ပြစ်မှုများကျူးလွန်တဲ့ ဘယ်သူ့ကို ဖြစ်ဖြစ် ဥပဒေအရ အရေးယူဆောင်ရွက်သွားဖို့ ၊ အကြမ်းဖက်လုပ်ရပ်ကျူးလွန်သူတွေ နဲ့ ရာဇဝတ်မှုကျူး လွန်သူတွေကို အကာအကွယ်ပေးနေသူတွေကိုလည်း ဖြိုခွင်းတိုက်ဖျက်အရေးယူသွားဖို့ ၊ လူကုန်ကူးတာ ၊ အတင်းအဓမ္မလုပ်အားခိုင်းစေတာ အကြမ်းဖက်လုပ် ရပ်များ ကျူးလွန်တာ တွေကိုလည်း ထိထိရောက်ရောက် အရေးယူဖို့အတွက် ဒါတွေကို သိသူတွေအနေနဲ့လည်း ညီနောင် အဖွဲ့ ၃ ဖွဲ့ကို သတင်းပို့ကြပါလို့ မေတ္တာ ရပ်ခံထားပါသေးတယ်။
အလားတူ မြန်မာပြည်သူလူထုတစ်ရပ်လုံး နဲ့ ယင်းတို့ရဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေအပေါ် အားပေး ထောက်ခံ ကြသောသူတွေအနေနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေး၊အကြမ်းဖက်တိုက်ဖျက်ရေး ၊ရာဇဝတ်မှုကျူး လွန်တဲ့ လုပ်ရပ်တွေကို ချေမှုန်းရေးလုပ်ငန်းတွေမှာ အတူတကွတက်ကြွစွာပူးပေါင်းဆောင်ရွက်ကြဖို့လည်း အထူးတိုက်တွန်းထားတာကိုတွေ့ရပါတယ်။
ဒီထုတ်ပြန်ချက်ဟာ ပြီးခဲ့တဲ့ ဇွန်လ ၁ ရက်နေ့နဲ့ ဇွန်လ ၂ ရက်နေ့က အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မ တော် (NDAA) ထိန်းချုပ်တဲ့ မိုင်းလားမြို့မှာ နစကရဲ့ အမျိုးသား စည်းလုံးညီညွှတ်ရေး နှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ (NSPNC) နဲ့ ညီနောင် ၃ ဖွဲ့ တွေ့ဆုံ ဆွေးနွေးမှု ဖြစ်စဉ် နောက်ပိုင်း ထုတ်ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။
အဲဒီ တွေ့ဆုံဆွေးနွေးပွဲဟာ တရုတ်နိုင်ငံရဲ့ ကြားဝင်ပေးမှုကြောင့် ဖြစ်လာတဲ့ဆွေးနွေးပွဲဖြစ်တယ်ဆိုတာ အားလုံး နားလည် ထားကြပါတယ်။
ဒါ့အပြင် ညီနောင် ၃ ဖွဲ့ တွေ့ဆုံဆွေးနွေးမှုမှာ တရုတ်နိုင်ငံ ယူနန်ပြည်နယ် နိုင်ငံခြားရေးရာ အထူး သံတမန် မစ္စတာကောပေါင်လည်း ပါဝင်တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီဆွေးနွေးပွဲဟာ နစက တာဝန်ယူတဲ့၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ နောက်ပိုင်းမှာ NSPNC နဲ့ ညီနောင် မဟာမိတ် (၃) ဖွဲ့ရဲ့ ပထမဆုံးအကြိမ် တွေ့ဆုံမှုလည်း ဖြစ်ခဲ့ပါတယ်။
နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးရဲထွန်း (သီပေါ) က မြောက်ပိုင်းမဟာမိတ် (၃) ဖွဲ့ အနေနဲ့ အဲဒီ ဆွေးနွေးပွဲကို လိုလိုလားလား ဆွေးနွေးချင်ပုံ မရဘူး၊ တရုတ်တိုက်တွန်းတာကို မလွဲသာလို့ ပြောတဲ့အကြောင်း သျှမ်းသံတော်ဆင့် က ရေးသားခဲ့ပါသေးတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ ၊ ခွဲထွက်ရေးလက်နက်ကိုင်လှုပ်ရှားမှုတွေ ၊ ပျောက်ကြားလှုပ် ရှား မှုတွေ ၊ နောက်ပြီးတော့ ဝါဒရေးရာနဲ့ သဘောတရားရေးရာ အပိုင်းတွေ ပါဝင်တဲ့လက်နက်ကိုင်လှုပ် ရှားမှုတွေနဲ့ ပတ်သက်တဲ့ထောက်ပံ့ရေးလမ်းကြောင်းတွေက မြန်မာပြည် မြောက်ပိုင်းလို့ခေါ်တဲ့ ကချင်ပြည် နယ်အတွင်းမှာ တည်ရှိနေတယ်။ KIA/KIO ရဲ့အရေးကြီးတဲ့အခန်းကဏ္ဍမှာ ပြီးခဲ့တဲ့ ဆယ်စုနှစ်ပေါင်းများစွာ တောက်လျှောက် ရပ်တည်ခဲ့တယ်ပေါ့။တိတိကျကျ ပြောရရင် ၁၉၆၀ ဝန်းကျင် ခုနှစ်တွေကစပြီး တောက် လျှောက်ရပ်တည်လာ ခဲ့တာကိုး ။ဆိုတော့ ဒီဘက်မှာကျတော့ ရခိုင်နဲ့ ၊ ရှမ်းနဲ့ အခြားအရပ်ဖက်အဖွဲ့အစည်း တွေ အများကြီးပါဝင်ကြ တယ်လေ။ နောက်ဆုံး Oversea နဲ့ပင်လယ်ရပ်ခြားမှာ သွားရောက်အလုပ်လုပ်ကိုင် ၊ ရွှေ့ပြောင်းနေထိုင်နေကြ တဲ့ ရခိုင် Community ( လူမှုအစုအဝန်း ) တွေ ၊ ရှမ်း Community ( လူမှုအစုအဝန်း ) တွေရဲ့ ဆက်သွယ်ရေး လမ်း ကြောင်းတွေက ရှိကြတာကိုး။ အမေရိကမှာလည်း ရှိတယ်။ ကနေဒါ၊ EU ဥရောပမှာလည်း ရှိကြတယ် ။ ဒီလိုပုံစံတွေထဲမှာ ပညာတတ်တွေလည်း ရှိတယ်လေ ။ ခေတ်မီတဲ့နည်းစနစ်တွေ လည်း ရှိတယ်။ ဒါတစ်ခုပေါ့ ။ နောက်တစ်ခုက မြန်မာပြည်ရဲ့ အနောက်ဖျားပေါ့ ။ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာရှိတဲ့ အိန္ဒိယရဲ့စီမံကိန်းတွေ ၊ ပရောဂျက်တွေကို တိုက်ခိုက်မှုတွေကို တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်း တချို့က လုပ်ခဲ့သည်ရှိသော် ၊ တခြားတစ်ဖွဲ့က လုပ်ခဲ့သည်ရှိသော် ၊ တခြားတစ်ဖက်မှာ လည်း တရုတ်ရဲ့ ပရောဂျက်တွေကို တိုက်ခိုက်ဖို့ တခြားစင်ပြိုင် ပြိုင်ဘက်အဖွဲ့အစည်းတွေကို ပြန်တွန်းအား ပေးတာမျိုး တွေလည်း ရှိကောင်းရှိလာနိုင်တယ်။ ဒါကပဋိပက္ခတွေမှာ ရှိလာနိုင်တယ် ။ တစ်ဖက်က တစ်ဖက်ကို လုပ်ရင် ၊ တစ်ဖက်က တစ်ဖက်ကို ပြန်တုံ့ပြန်ပြီး ပြန်လုပ်တာကို လှုံ့ဆော်တတ်တယ် ၊ အားပေးတတ်တယ် ။ ကောင်းတာကတော့ မြန်မာပြည်ကတော့ Global Powers တွေနဲ့ ဒေသဆိုင်ရာ Powers တွေရဲ့ အင်အားယှဉ် ပြိုင် မှုမှာ မြန်မာပြည်ကကြားခံပစ္စည်းတစ်ခု မဖြစ်သင့်ဘူး ။ အခုက Proxy War တစ်ခု ၊ တစ်ဆင့်ခံရုပ်သေး နယ်ရုပ်စစ်ပွဲ တစ်ခုလိုဖြစ်နေတယ် ။ ဒါက မြန်မာပြည်ရဲ့ အခြေအနေအရ ။ အဲ့တော့ ရှမ်းပြည်နယ်ထဲမှာ ဆိုလို့ရှိရင် အမေရိကန် ၊ EU တွေက ချပေးတဲ့ Projects ( စီမံချက် ) တွေ ၊ Grants ( အကူအညီထောက်ပံ့မှု ) တွေအနေနဲ့ အလုပ်လုပ်တယ် ။ NGOs, INGO တွေနဲ့ဆက်စပ်ပြီး ၊ အရပ်ဖက်အဖွဲ့အစည်းတွေ (CSOs) တွေ ၊ ရပ်ရွာလူမှုအစုအဝန်းအခြေပြုအဖွဲ့ အစည်းတွေ (CBOs) လည်း ရှိကြပါတယ်။ ရှိကြတော့ အပြန်အလှန်ဆွေး နွေးချက်တွေနဲ့ သူတို့ကြုံတွေ့ရတဲ့ အခါ သူတို့ရင်ဆိုင်ဖြေရှင်းတဲ့နေရာမှာ ဒီကြေညာချက် ထွက်လာတယ် လို့မြင်တယ်လို့ ၁၉၉၆-၁၉၉၈ လှုပ်ရှားမှုမျိုးဆက် က ဦးရဲကျော်စွာ က ပြောပါတယ်။
သူက ဆက်ပြီးတော့ ( ကြေညာချက် ထုတ်ပြန်တာ ) ဒါကတော့ လုပ်ရမယ့် ကိစ္စပါပဲ ။ ထုတ်ပြန်ချက် ၊ ကြေညာချက် သဘောထက် မြေပြင်မှာ လက်တွေ့ လုပ်ရမယ့်ကိစ္စပါ ။ နောက်တစ်ခုက ( ကာကွယ်စောင့်ရှောက်မှု ပေးဖို့ ) အဲဒါက နိုင်ငံခြား သား ခရီးသွား ၊ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုမှ မဟုတ်ဘူးလေ ။ မြန်မာနိုင်ငံသား ခရီးသွား ၊ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုတွေကိုပါ ကာကွယ်ပေးရမယ် ။ဥပမာ – ခေါင်းရွက်ဗျက်ထိုးဈေးသည်တွေ ၊ ရွာစဉ်လှည့်ပြီး ဈေး ရောင်းနေတဲ့ ဈေးသည်တွေကို ဗမာလူမျိုး ဖြစ်နေလို့ တချို့ ” သတင်းပေး ” လို့စွပ်စွဲပြီး ဖမ်းဆီးသတ်ဖြတ်တယ် ဆိုတဲ့ကိစ္စမျိုးတွေ ၊ မြန်မာဘုန်းကြီးမို့လို့ ကျောင်းလာဆောက်တာကို မောင်းထုတ်တယ် ဆိုတဲ့ကိစ္စမျိုးတွေ ဒါတွေက မှားတယ်လေ ။နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူမှ မဟုတ်ဘူး ။နိုင်ငံခြားသား ခရီးသွားမှ မဟုတ်ဘူး။ မြန်မာနိုင်ငံသား ခရီးသွားဖြစ်နေရင်လည်း အကာအကွယ်ပေးရမယ် ။ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုဖြစ်နေ ရင်လည်း အကာအကွယ်ပေးရမှာပါပဲ ။ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူတွေဆိုရင် ငွေညှစ်လိုက်မယ် ။ ဆက် ကြေးကောက်လိုက်မယ် ။ ဆက်ကြေးမပေးရင် ဖမ်းပြီး သတ်ဖြတ်လိုက်မယ် ဆိုတာမျိုး လုပ်မယ် ။ နောက် မြန်မာနိုင်ငံသားခရီးသွားဆိုရင် အမျိုးမျိုးနဲ့ ရစ်မယ် ၊ ဖမ်းမယ်၊ မဟုတ်ကဟုတ်ကနဲ့ စွဲချက်တွေ တင်မယ် ။ ပြီးရင် သတ်ဖြတ်လိုက်မယ် ဆိုတာက ဒါမှားတာပေါ့ ။ ဒါက ဖြစ်တတ်တဲ့ ပြဿနာကို ပြောတာ ။ ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခတွေ နဲ့အတူ မြန်မာနိုင်ငံမှာဖြစ်နေတဲ့ ပြဿနာက ” ဘာလဲ ” ဆိုရင် ရင်းနှီးမြှုပ်နှံ သူအချင်းချင်း တူရင်တောင် ” ငါတို့က နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူကို ပိုကာကွယ်ပေးရမယ် ” ဆိုတဲ့ ကျွန်အတွေးအခေါ် သိပ်ကြီးတယ် ။ခရီးသွားချင်းအတူတူ နိုင်ငံခြားသားခရီးသွား ၊နိုင်ငံခြားသား (Tour) ကို ငါတို့က ပိုကာကွယ်ပေးရမယ် ။ ပိုဂရုစိုက်ပေးရမယ်ဆိုတာက အဲဒါကလည်း ” ကျွန်အတွေးအခေါ် ” ပဲ ဖြစ်တယ် ။ ကိုလိုနီခေတ်ထဲက ၊ ဗြိတိသျှကိုလိုနီအောက်ထဲက ပုံသွင်းထားတဲ့ ကိုလိုနီကျွန်စိတ် ၊ အခုအထိအဲ ကျွန်စိတ်က လျော့မသွား တဲ့အပြင် ပိုပိုပွီးကွီးလာတဲ့အဓိပ်ပါယျပဲ ။ နိုင်ငံသားတိုင်းရော၊ နိုင်ငံခြားသားရော၊ ဧည့်နိုင်ငံသားရော၊ နိုင်ငံသားပြုခွင့်ရတဲ့သူရော ဘယ်နိုင်ငံသားမှ မဟုတ်သူရော ၊ ခရီးသွားမှန်သမျှ ၊ ရင်းနှီး မြှုပ်နှံသူမှန်သမျှ အကုန်လုံးကို ကာကွယ်ပေးရမှာ ဖြစ်ပါတယ် ။ တန်းတူညီတူ အကာအကွယ်ပေးရမယ်လို့ ဆိုပါတယ်။
ညီနောင် အဖွဲ့ ၃ ဖွဲ့ အနေနဲ့ ထုတ်ပြန်တဲ့ အဲဒီထုတ်ပြန်ချက်ကတော့ ရိုးရှင်းတဲ့ ထုတ်ပြန်ချက် ဖြစ်တာကြောင့် ပြည်ပအဖွဲ့အစည်း လူပုဂ္ဂိုလ်တို့ အပေါ် ကာကွယ်မှုတွေပြုလုပ်ပေးမယ်ဆိုတဲ့ အတိုင်း ပြည်တွင်း လုပ်ငန်းတွေကိုလည်း ထိန်းသိမ်းကာကွယ်မှုမျိုး ပြုလုပ်သင့်တယ်လို့ ဝါရင့် နိုင်ငံရေးလေ့လာသုံးသပ်သူ တစ်ယောက်က တိုက်တွန်းပြောဆိုပါတယ်။
ဒါက ရိုးရိုးလေးပါပဲ။ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေကို ကာကွယ်မယ်ဆိုတာမျိုးပြောသလိုပဲ ဒီအဖွဲ့အစည်းတွေက လည်း ဒီနိုင်ငံသားတွေ ဖြစ်တဲ့အတွက် ပြည်တွင်းမှာ လုပ်တဲ့လူတွေကိုကော မကာကွယ်သင့်ပေဘူးလားလို့ မရဲတရဲနဲ့ ပြောလိုက်ချင်ပါတယ်လို့ သူက ပြောပါတယ်။
#Voiceofmyanmar #vom #နိုင်ငံခြားရင်းနှီးမြုပ်နှံမှု #ညီနောင်မဟာမိတ်သုံးဖွဲ့