ဟိုပင်မှာ မိန်းမနဲ့ ကလေးကိုသတ်တဲ့သူက သူ့ကိုယ်သူ ကြိုးဆွဲချ သေဆုံး

စက်တင်ဘာ ၊ ၁၇ ၊ ၂၀၂၃
SP (VOM)

ကချင်ပြည်နယ် ၊ မိုးညှင်းခရိုင် ၊ ဟိုပင်မြို့နယ်ခွဲ ၊ မြသီတာရပ်ကွက် ၊ မြရိပ်သာလမ်းမှာ မနေ့ စက်တင်ဘာ ၁၆ ရက် မနက်အစောပိုင်းက မိသားစုပြဿနာကြောင့် ၂ လောင်းပြိုင်လူသတ်မှုတခု ဖြစ်ပွားခဲ့တယ်လို့ ဟိုပင်မြို့ခံတွေဆီက သိရပါတယ်။

” မနက်မိုးလင်းတော့ ကိုကျော်လွင်တို့အိမ်မှာ လူသတ်မှုဖြစ်တယ်လို့ သိရတယ် ၊ အိမ်ရှင် ကိုကျော်လွင် နဲ့ သူ့မိန်းမ မအေးအေးမေ တို့ ၂ ယောက် သေနေတာတွေ့ရတယ် ၊ သူတို့သားဖြစ်သူ မောင်ဝေယံထက်ကတော့ ဂုတ်ပိုးနေရာမှာ ဓားနဲ့ ခုတ်ခံထားရတယ် ၊ သူကတော့ မသေဘူး ၊ စိုးရိမ်ရတဲ့ အနေအထားဖြစ်တယ်”လို့ မြသီတာရပ်ကွက်မှာနေတဲ့ ပရဟိတသမားတယောက်က ပြောပါတယ်။

အဲ့ဒီ ဖြစ်စဥ်နဲ့ပတ်သက်လို့ မိုးညှင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးနဲ့ နီးစပ်သူတယောက်က ” မနေ့က မနက် ၂ နာရီဝန်းကျင်မှာ အခင်းဖြစ်ပွားတာပါ ၊ နေအိမ်က ၂ ထပ်ဖြစ်တယ် ၊ အိမ်အောက်ထပ် တံခါးဝမှာ သူ့မိန်းမ ဒေါ်အေးအေးမာရဲ့ အလောင်းကို အရင်တွေ့တယ် ၊ ပြတ်ရှ ဒဏ်ရာ ၁၅ ချက်နဲ့သေတာဖြစ်တယ် ၊ နောက်ပြီး အိမ်အောက်ထပ် အိပ်ခန်းထဲမှာ ထုတ်တန်းကို ပုဆိုးကွင်းနဲ့ ချိတ်ပြီး ကြိုးဆွဲချပြီး ကိုကျော်လွင်ဆိုသူက သူ့ကိုယ်သူ သတ်သေတယ် ၊ အဲ့ဒီအပြင် သူ့သားမောင်ဝေယံထက်ရဲ့ ဂုတ်ပ်ိုးနေရာမှာ ၆ လက္မခန့် ပြတ်ရှဒဏ်ရာရထားတယ် ၊ မိသားစုရေးပြဿနာဖြစ်နိုင်တယ်လို့ ကနဦး ခန့်မှန်းရတယ် “လို့ ပြောပါတယ်။

ဒါ့အပြင် အဲ့ဒီဖြစ်စဥ်ကို ဟိုပင်နယ်မြေရဲစခန်းက (ပ)၂၉/၂၀၂၃၊ ရာဇသတ်ကြီး ပုဒ်မ- ၃၀၂/၃၂၆ (အမှုကြီးအမှတ်စဉ်-၃/၂၀၂၃) အရ အမှုဖွင့်ပြီး စစ်ဆေးနေတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ဟိုပင်

Related posts

Leave a Comment

VOM News

FREE
VIEW