မန္တလေး – မိုးကုတ်ကားလမ်းဘေးက စားသောက်ဆိုင် ပိုင်ရှင် ၄ ဦး အသတ်ခံရ

စက်တင်ဘာ ၊ ၁၇ ၊ ၂၀၂၃
SP (VOM)

မန္တလေးတိုင်း ၊ စဥ့်ကူးမြို့နယ် ၊ ငွေတောင်ကျေးရွာ ၊ မန္တလေး – မိုးကုတ်ကားလမ်းမှာရှိတဲ့ စားသောက်ဆိုင် လုပ်ငန်းရှင် ၄ ယောက်ကို မနေ့ စက်တင်ဘာ ၁၆ ရက် ည ၁၁ နာရီဝန်းကျင်က ဖမ်းဆီးသတ်ဖြတ်ခံရတယ်လို့ စဥ့်ကူးမြို့ခံတွေဆီက သိရပါတယ်။

” ဖမ်းဆီးသတ်ဖြတ်ခံရသူတွေကတော့ ပထမဆိုင်က မြနန်ဟေမာန် စားသောက်ဆိုင် ပိုင်ရှင် ဦးသိန်းဇော်နဲ့ သူ့မိန်းမ ဒေါ်သဲနုငယ် တို့ဖြစ်တယ် ၊ ဒုတိယကတော့ ကုဋေစု စားသောက်ဆိုင် ပိုင်ရှင် လင်မယား ဦးခင်မောင်ချင်း နဲ့ သူ့မိန်းမ ဒေါ်လွင်လွင်ဌေး တို့ဖြစ်တယ်၊ သူတို့ လင်မယားအတွဲ ၂ တွဲ ၊ လူ ၄ ယောက်စလုံး အသတ်ခံရတာ ” လို့ ငွေတောင်ရွာခံ ပရဟိတသမားတယောက်က ပြောပါတယ်။

အဲ့ဒီဖြစ်စဥ်နဲ့ ပတ်သက်ပြီး စဥ့်ကူးမြို့နယ်လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” မနေ့ညက ၁၁ နာရီဝန်းကျင်လောက်မှာ မြနန်ဟေမာန် စားသောက်ဆိုင်ထဲကို အမည်မသိ (စီစစ်ဆဲ) လက်နက်ကိုင် (လူအင် အား စီစစ်ဆဲ) အဖွဲ့တွေရောက်လာတယ် ၊ ဆိုင်ရှင် လင်မယား ၂ ယောက်စလုံးကို ဖမ်းတယ် ၊ အဲ့ဒီနောက် ဆိုင်ရှင် ဦးသိန်းဇော်ကို သူ့ဆိုင်ရှေ့မှာပဲ ပစ်သတ်ပြီး သူ့မိန်းမ ကို ဖမ်းခေါ်သွားတယ် ၊ အဲ့ဒီအပြင် အမည်မသိ လက်နက်ကိုင်အဖွဲ့က ကုဋေစု စားသောက်ဆိုင်ကို ဆက်သွားတယ် ၊ အဲ့ဒီဆိုင်မှာလည်း ဆိုင်ရှင် လင်မယား ၂ ယောက်ကို ထပ်ပြီး ဖမ်းဆီးတယ် ၊ ဖမ်းဆီးလာတဲ့ စားသောက်ဆိုင် လုပ်ငန်းရှင် ၃ ယောက်ကို ညောင်ဝန်းကျေးရွာနဲ့ ရွှေပြည်ကျေးရွာကြား၊ မန္တလေး-မိုးကုတ်ကားလမ်းမကြီးပေါ်မှာ အဲ့ဒီ ၃ ယောက်ကို ပစ်သတ်ထားခဲ့တယ် ၊ သေဆုံးသူတွေ ၄ ယောက်စလုံးက နိုင်ငံရေး အရောင်အသွေးရှိကြတယ် ၊ သူတို့အားလုံးက ပြည်ခိုင်ဖြိုးပါတီ ဝန်းရံထောက်ခံသူတွေဖြစ်တယ် ” လို့ ပြောပါတယ်။

ဒါ့အပြင် အဲ့ဒီ စားသောက်ဆိုင် လုပ်ငန်းရှင်တွေ ဖမ်းဆီးသတ်ဖြတ်ခံရတဲ့ဖြစ်စဥ်ကို စဥ့်ကူးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက အမှုဖွင့် စစ်ဆေးနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂ နှစ်ကျော် ကာလအတွင်းမှာ စဥ့်ကူးမြို့နယ်မှာရှိတဲ့ စားသောက်ဆိုင် လုပ်ငန်းရှင်တွေ ၊ ရွှေလုပ်ငန်းရှင်တွေ ၊ အုပ်ချုပ်ရေးမှုတွေ ဖမ်းဆီးသတ်ဖြတ်ခံရတာတွေ ဖြစ်စဥ်ပေါင်း ၂၀ ထက်မနည်းရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

#voiceofmyanmar #VOM #စဥ့်ကူး #စားသောက်ဆိုင်ပိုင်ရှင်တွေသတ်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW