စက်တင်ဘာ ၁၈ – ၂၀၂၃
GG(VOM)
ဧရာဝတီတိုင်း ၊ပဲခူးတိုင်းနဲ့ ရန်ကုန်တိုင်းထဲက ရိတ်သိမ်းခါနီး မိုးစပါးစိုက်ခင်းတွေ ရေနစ်မြုပ်နေတာကြောင့် တောင်သူတွေဒုက္ခရောက်နေကြရတယ်လို့ သိရပါတယ် ။
ဩဂုတ်လကုန်လောက်ကစပြီး ဒီနေ့ စက်တင်ဘာ ၁၈ ရက်အထိ အဆက်မပြတ်မိုးရွာသွန်းနေတာကြောင့် မကြာမီရိတ်သိမ်းရတော့မယ့်စပါးခင်းတွေမှာ ရေတွေများပြီး စပါးပင်တွေ နစ်မြုပ်ခြင်း၊စပါးပင်လဲခြင်းတွေဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
” စပါးနို့ရည်ခဲနေတဲ့လယ်တွေရော၊ အထွက်စုံပြီး ငိုက်နေတဲ့လယ်တွေရော အကုန်ရေနစ်ကြတယ်၊ မိုးကအရမ်းကိုကောင်းနေတာဗျာ၊စိတ်ကိုညစ်ရော၊ ကျနော်ဆို ၅ ဧကလောက်မြုပ်နေပါတယ်။ ရေက ထုတ်လို့ကိုမရတာ၊ကိုယ့်လယ်ထဲကို အပေါ်လယ်ကနေ တောက်လျှောက်ကိုဝင်နေတာ၊ စပါးခင်းရေနစ်နေတာကို ထိုင်ကြည့်နေရတယ်၊ရေနစ်တာအရမ်းကြာရင် ပျက်စီးမှုပိုများမယ် “လို့ ပဲခူးအနောက်ပိုင်းက တောင်သူ(၁)ဦးကပြောပါတယ်။
ရေနစ်မြုပ်တဲ့စပါးခင်းဟာ ရေကျချိန် ရိတ်သိမ်းပြီးပါကလည်း ပေါက်စျေး နူန်းထားမရရှိဘဲ စျေးနှိမ်ဝယ်ယူခံရတဲ့အပြင် စပါးအထွက်နူန်းပိုင်းလည်းထိခိုက်တာကြောင့် တောင်သူတွေ ဆုံးရှုံးမှုများပြီး ဒုက္ခရောက်ရတယ်လို့ သိရပါတယ်။
” တချို့ စပါးမထွက်သေးတဲ့ အခင်းတချို့လည်းရေနစ်နေတာရှိတယ်၊ စပါးထွက်နေတဲ့အခင်းတွေကတော့ မိုးများလို့ လဲကျပြီးရေနစ်တာရှိတယ်၊ရေများပြီးမြုပ်ကိုနေတာလည်းရှိတယ်။ရေနစ်စပါးက ကြာကြာထားလို့မရဘူး၊ဆန်ဝါဖောက်တယ်၊အနံ့ပါ နံလာတတ်တယ်။ဒါကြောင့် ပေါက်စျေးတော့မရပါဘူး”လို့ စပါးစိုက်တောင်သူလည်းဖြစ်၊စပါးဝယ်ရောင်းလုပ်ကိုင်သူ ကိုမျိုးမင်းကပြောပါတယ်။
အခုနှစ် မိုးစပါ စိုက်ပျိုးမှုအတွက် ကုန်ကျစရိတ်က လယ်တစ်ဧကကို ၆ သိန်း ကုန်ကျမှုရှိပြီး အချို့တောင်သူတွေဟာ ချေးငွေရယူကာ စပါးစိုက်ပျိုးရတာဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာ မိုးစပါးအသစ်စျေးက ပေါင် ၅၀ နဲ့ စပါးတင်း ၁၀၀ ကို ၁၆သိန်းကျပ်၊ မနှစ်က မိုးစပါး စတင်ပေါ်ချိန်တုန်းက ၁၁ သိန်း ၅၀၀၀၀ ကျပ်နဲ့စျေးစဖွင့်ခဲ့ပြီး မိုးစပါးရာသီကုန်ချိန်အထိ ၁၃ သိန်း အမြင့်ဆုံးဖြစ်ခဲ့ပါတယ်။
#voiceofmyanmar #VOM #မိုးစပါး #ဪေနစ်မြုပ် #တောင်သူအခက်အခဲ