လမ်းတွေပျက်နေလို့ မဟာမြိုင် ကုန်သွယ်ရေးကားလမ်းပိုင်း လုံးဝ သွားမရဖြစ်နေ

စက်တင်ဘာ ၁၈ -၂၀၂၃
SP ( VOM)

စစ်ကိုင်းတိုင်း ၊ ရေဦးခရိုင် ၊ တန့်ဆည်မြို့နယ်နဲ့ ကလေးခရိုင် ၊ ကလေးဝမြို့ကို ဆက်သွယ်ဖောက်လုပ်ထားတဲ့ မဟာမြိုင် ကုန်သွယ်ရေး ကားလမ်းဟာ ဒီကနေ့မနက် မိုးရွာသွန်းမှုများပြီး လမ်းတွေပျက်စီးသွားတာကြောင့် ကားတွေရာနဲ့ချီပြီး ပိတ်မိနေတယ်လို့ ကားသမားတွေဆီက သိရပါတယ်။

” ၅၆ မိုင်မှာ ကားကြီးတစ်စီး ဂျွိုင်းပြတ်နေပြီး လမ်းပိတ်နေတယ် ၊ အဲ့ဒီနေရာက ကွင်းလမ်းမရှိဘူး ၊ အဲ့ဒါကြောင့် အဲ့ဒီနေရာမှာလည်း ကားအစီးရေ ၅၀ လောက်ပိတ်မိနေတယ် ၊ ၅၁ မိုင်မှာ ပိတ်မိနေတဲ့ကားတွေထဲက ဆယ်ဂဏန်းလောက်ပဲကျန်တော့တယ် ၊ နောက်ပြီး ပျဥ်းကိုင်းရွာမှာလည်း အတက်ကား အစီးရေ ၁၅၀ ကျော်လောက် မောက္ကတော်ချောင်းလမ်းမှာ ပိတ်မိနေတယ် ၊ အဲ့ဒီ မောက္ကတော် ချောင်းလမ်းက အရင်နှစ်တုန်းက ကွန်ကရစ်လမ်းအမျိုးအစားဖြစ်ပြီး ဒီနှစ်တော့ ရေတိုက်စားပြီး လုံးဝ လမ်းပျက်သွားတယ် ၊ ကွင်းလမ်းမရှိဘူး ၊ အဲ့ဒီနေရာမှာ ကားတွေ ပိတ်မိနေတာ ၊ လမ်းပြန်ပွင့်ဖို့ အနည်ဆုံး တစ်ပတ်လောက် စောင့်ရဦးမှာ “လို့ အဲ့ဒီနေရာကို ရောက်နေတဲ့ ကားသမားတယောက်က ပြောပါတယ်။

အဲ့ဒီ ကိစ္စနဲ့ပတ်သက်ပြီး မုံရွာမြို့ခံ ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်(၁)ယောက်က ” အိန္ဒိယ နယ်စပ်ကုန်တွေရပ်ထားရတယ် ၊ အရင်က ကလေး-တမူးဆိုတာ အခုလို မိုးရာသီမှာ မုံရွာ-ပုလဲ-ဂန့်ဂေါ -ကလေးလမ်းက ကားတွေသွားကြတယ် ၊ ပွင့်လင်းရာသီဆို မုံရွာ-ယာကြီး-ကလေးဝ လမ်းကနေသွားကြတယ် ၊ အဲ့ဒီ လမ်း ၂ ခုစလုံးက ပြီးခဲ့တဲ့ ၂ နှစ်ကျော်ကာလမှ စလို့ ပိတ်ထားတယ် ၊ အသွားအလာ လုံးဝမရှိဘူး ၊ အဲ့ဒါကြောင့် မဟာမြိုင် လမ်းတခုတည်းသာ အသုံးပြုရတာဖြစ်တယ် ၊ အဲ့ဒီ မဟာမြိုင်လမ်းက ချင်းတောင် ၊ ကလေး ၊ တမူး ၊ ကလေးဝ ၊ မော်လိုက် ၊ ဖောင်းပြင် ၊ ဟုမ္မလင်း ၊ ခန္တီး စတဲ့ မြို့နယ်တွေနဲ့ ကုန်သွယ်နေရတယ် ၊ အဲ့ဒါမို့ ကားတွေ ရာနဲ့ချီပြီး ပိတ်မိနေတာ “လို့ ပြောပါတယ်။

အခုလို ကားတွေပိတ်နေတဲ့အတွက် ငါး၊ကြက်ဥ၊ ဖရဲသီး၊ ကြက်သွန်ဖြူ ၊ငါးပိ၊ငါးခြောက် ၊ ဆီဘောက်ဆာ ၊ ကြက်ပေါက်ကား တွေဟာ ထွန်းစက်တွေနဲ့ ဆွဲထုတ်ပြီး ခက်ခက်ခဲခဲသွားလာရတာကြောင့် ကုန်တန်ဆာစျေးနူန်းတွေ မြင့်တက်လာတယ်လို့ သိရပါတယ်။

မဟာမြိုင်တောထဲမှာ အခုလို ကားတွေ ရာနဲ့ချီပြီး ပိတ်မိနေတဲ့အတွက် အစား‌အသောက်မှ အစ ခက်ခဲနေတာကြောင့် အတက်ကားတွေအနေနဲ့ အခြေအနေကို မေးမြန်းစုံစမ်းပြီးမှ တက်လာကြဖို့ ကားသမားတွေက အကြုံပြုပြောထားပါတယ်။

Photo Crd -မဟာမြိုင်ရောက် ကားသမားတဦး
#voiceofmyanmar #VOM #မဟာမြိုင်ကားလမ်း #လမ်းပိတ်

Related posts

Leave a Comment

VOM News

FREE
VIEW