ချင်းတွင်းမြစ်ထဲမှာ ရေယာဥ်တစ်စီး နစ်မြုပ်ပြီး ခရီးသည် ၁၀၀ ကျော် ပျောက်ဆုံးနေ

စက်တင်ဘာ ၊ ၁၉ ၊ ၂၀၂၃
SP ( VOM)

စစ်ကိုင်းတိုင်း ၊ ကလေးခရိုင် ၊ မင်းကင်းမြို့နယ် ၊ မောက္ကတော်နဲ့ ပန်းဆက်ရွာအကြား ချင်းတွင်းမြစ်ကြောင်းထဲမှာ ဒီကနေ့ စက်တင်ဘာလ ၁၉ရက် မနက် ၉ နာရီဝန်းကျင်က ရေယာဥ်တစ်စီး နစ်မြုပ်သွားပြီး ခရီးသည်တွေ ရာနဲ့ချီပြီး ပျောက်ဆုံးနေတယ်လို့ ရေယာဥ်လုပ်ငန်းရှင်းများ အဖွဲ့ဆီက သိရပါတယ်။

” ချင်းတွင်းမြစ်ကြောင်းအတိုင်း ၊ အထက်က စုန်ဆင်းလာတဲ့ ကုန်တင်ရေယာဥ်ဖြစ်တယ် ၊ မောက္ကတော်ရဲ့ အောက်ဘက် မြှောင်းဇင်းရွာနဲ့အကြား ကဲ့နက်တောင်နေရာမှာ ဒီမနက်က ဖြစ်တာပါ ၊ အဲ့ဒီ ရေယာဥ်က မနေ့ညက မင်းကင်းအောက်ဖ​က်မှာ ညအိပ်နားပြီး ဒီမနက် ထစုန်တဲ့အချိန်ဖြစ်သွားတာ ” လို့ ရေယာဥ်လုပ်ငန်းရှင် တယောက်က ပြောပါတယ်။

အဲ့ဒီ ရေယာဥ်နစ်မြုပ်တယ်ဆိုတဲ့ ရွာနားမှာနေတဲ့ ဒေသခံတယောက်က ” အခုရေယာဥ်မြုပ်တဲ့နေရာက အခုလိုရေကျချိန်မှာ ရေကြောင်းအပြောင်းအလဲ အမြဲရှိတယ် ၊ နစ်မြုပ်သွားတဲ့ ရေယာဥ်က စီးခုံပေါ်က လှိမ့်ဆင်သွားပြီး ကဲ့နက်တောင်ခြေမှာ မြုတ်သွားတာပါ ၊ ခရီးသည်တွေအများစုကတော့ ခန္တီးနယ်ဘက်က လိုက်လာကြသူတွေများတယ် ၊ လမ်းခရီးလုံခြုံရေးအရ အခြားရေယာဥ်နဲ့ မလိုက်ရဲတာကြောင့် အခုလို လုံခြုံရေးအဖွဲ့တွေပါတဲ့ ကျောက်စိမ်းသယ်တဲ့ ရေယာဥ်အုပ်စုနဲ့ လိုက်လာကြတာ ၊ အခုပျောက်ဆုံးနေတဲ့ ခရီးသည်တွေကတော့ ကျောင်းဆရာ ၊ ဆရာမ အလုပ်လျှောက်မယ့်သူတွေပါတယ် ၊ ပြည်ပ အလုပ်ကိုင်အတွက် အလုပ်သွားမယ့်သူတွေပါတယ် ၊ ကလေးတွေပါတယ် ၊ ဝန်ထမ်းအသိုင်းအဝိုင်းတွေပါတယ် ၊ ကနဦးသိရတာက ပျောက်ဆုံးခရီးသည် ၁၀၀ ကျော်မယ် ” လို့ ပြောပါတယ်။

အဲ့ဒီ ဖြစ်စဥ်နဲ့ပတ်သက်လို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးရုံးနဲ့ နီးစပ်သူ တယောက်က ” ဒီမနက် ရေယာဥ်နစ်မြုပ်တယ်ဆိုတာ အတည်ပြုလို့ရတယ် ၊ ကယ်ဆယ်ရေးနဲ့ ရှာဖွေရေး လုပ်ငန်းတွေ စတင်လုပ်ဆောင်ပါပြီ ၊ ပျောက်ဆုံးလူအရေအတွက်ကတော့ စာရင်းပြုစုနေဆဲဖြစ်တယ် ” လို့ ပြောပါတယ်။

အခု ရေယာဥ်နစ်မြုပ်တယ်ဆိုတဲ့ ကဲ့နက်တောင်နေရာဟာ ပြီးခဲ့တဲ့ ၂၀၀၁ ရေကျချိန်ဝန်းကျင်က မုံရွာ – ဟုမ္မလင်း ခရီးသည်တင် အမြန်ရေယာဥ် တစ်စီး နစ်မြုပ်ပြီး ခရီးသည် ၂၀ ကျော် သေဆုံးခဲ့ပါသေးတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၁၆ အောက်တိုဘာမှာ ယင်းမာပင်ခရိုင် ၊ ကနီမြို့နယ်နဲ့ မင်းကင်းမြို့နယ်ကြား မိချောင်းတွင်းရွာဆိပ်ကမ်းမှာ ရေယာဥ်တစ်စီးနစ်မြုပ်ပြီး ခရီးသည် တစ်ရာဝန်းကျင် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဓာတ်ပုံ ၊ ချင်းတွင်းမြစ် မုံရွာဆိပ်ကမ်း

#voiceofmyanmar #VOM #ချင်းတွင်းမြစ်ထဲရေယာဥ်နှစ်မြုပ် #မင်းကင်း

Related posts

Leave a Comment

VOM News

FREE
VIEW