စက်တင်ဘာ ၁၉၊ ၂၀၂၃
Shy V(VOM)
ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ် ကျင်းစန်းကျော့ – ဝမ်တိန် နယ်စ်ဂိတ်ကနေ စက်တင်ဘာလ ၁၂ ရက် ကနေ ၁၈ ရက် အထိ တပတ်အတွင်း ပို့ကုန်၊ သွင်းကုန် ကား စုစုပေါင်း ၁၄၇၉ စီး ကုန်သွယ်မှု ပြုနိုင်ခဲ့တယ်လို့ နယ်စပ် ကုန်သည် လုပ်ငန်းရှင်တွေရဲ့စာရင်းတွေအရ သိရပါတယ်။
တပတ်အတွင်း ခါလီ အပါအဝင် ပို့ကုန်ကား စုစုပေါင်း ၇၄၆ စီး ရှိပြီး တစ်နေ့ကို ပျမ်းမျှ ၁၀၇ စီးခန့်ရှိပြီး ပို့ကုန်ပစ္စည်းတွေထဲမှာတော့ ငါးရှဉ့်၊ ဂဏန်း၊ ဖရဲ၊ သကာရည် နဲ့ အခြားကုန်မျိုးစုံ ပါဝင်တာကို တွေ့ရပါတယ်။
တပတ်အတွင်း သွင်းကုန်ကား အသစ်နဲ့ ခါလီ အပါအဝင် စုစုပေါင်း ၇၃၃ စီးရှိပြီး တစ်ရက်ကို ပျမ်းမျှ သွင်းကုန်ကား ၁၀၅ စီးခန့်ရှိတဲ့အထဲမှာ ပျမ်းမျှ တစ်ရက်ကို ကုန် ၈၅ စီး ခန့်၊ ခါလီ ၂၀ ခန့်၊ အသစ် ၁၃ စီးခန့် ရှိပါတယ်။
ပို့ကုန်၊ သွင်းကုန် ကားတွေထဲမှာ ကားသစ် အပါအဝင် ၆ ဘီးကား၊ ၁၂ ဘီးကား၊ တွဲကား၊ ဆီဘောက်ဆာ၊ Dump Truck နဲ့ ဘက်ဟိုး တွေပါဝင်ပါတယ်။
အရင်တပတ် စက်တင်ဘာ ၅ ရက် ကနေ ၁၁ ရက်အထိ ပို့ကုန်ကား ၅၈၆ စီး ရှိခဲ့ပြီး အခုတပတ်နဲ့ နှိုင်းယှဉ်ရင် အခုတပတ်မှာ ပို့ကုန်ကား အစီး ၁၆၀ ပိုခဲ့တာကို တွေ့ရပါတယ်။
သွင်းကုန်အနေနဲ့လည်း အရင် တပတ်နဲ့ အခု တပတ် နှိုင်းယှဉ်ရင် အခုတပတ်မှာ သွင်းကုန်ကား အစီး ၁၅၀ ပိုခဲ့ပါတယ်။
မူဆယ် မန့်ဝိန်း – ကျယ်ဂေါင်ဂိတ်ကနေလည်း ၆ ဘီးကားတွေနဲ့ ပုံမှန် ကုန်ပစ္စည်းတွေ တင်ပို့တင်သွင်းနေပြီး မူဆယ် ဆင်ဖြူ ဂိတ်ကနေတော့ ၆ ဘီးအောက် ကားတွေကို ဝင်ထွက်ခွင့်ပေးထားပေမယ့် ပြီးခဲ့တဲ့လကစ ကုန်သယ်ယူပို့ဆောင်ခွင့် ပိတ်ထားတာကြောင့် ဆိုင်ကယ်၊ လူ တွေနဲ့ တနိုင်စာ ကုန်တွေကို တင်သွင်းနေကြပါတယ်။
ဆင်ဖြူပေါက်ကနေ တစ်ရက်ကို ပျမ်းမျှ ကုန်ဆိုင်ကယ် အစီးရေ ၂၅၀ နဲ့ ၃၀၀ ကြား တင်သွင်းတာရှိတယ်လို့ နေ့စဉ် ဝင်ထွက်သူတွေဆီက သိရပါတယ်။
နန်းတော်ပေါက်မှာတော့ လူ သီးသန့် ဝင်/ထွက် ခွင့်ပြုတာဖြစ်ပြီး ဒီတပတ်ထဲမှာတော့ နန်းတော်နဲ့ ဆင်ဖြူဂိတ်ပေါက် နှစ်ခုပေါင်းရင် ခန့်မှန်းခြေ တစ်ရက်ကို ပျမ်းမျှ လူဝင်၊လူထွက် ဦးရေ တစ်ထောင်ကျော်ရှိတယ်လို့ နေ့စဉ် အဝင်အထွက် လုပ်နေတဲ့ နယ်စပ်ဒေသခံတွေဆီက သိရပါတယ်။
တရုတ်ငွေ လဲလှယ်နှုန်းက ဒီတပတ်အတွင်း ယွမ်ပေး ကျပ်ယူ တရုတ်ငွေ ယွမ် ၁၀၀ ကို မြန်မာငွေ ကျပ် ၄၅,၀၀၀ နဲ့ ၄၆,၀၀၀ ကြား ရှိပါတယ်။
မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေး စခန်းကနေ အရင်တပတ် စက်တင်ဘာ ၄ ရက် မှ ၁၀ ရက်အထိ တပတ်အတွင်း တဖက်နိုင်ငံ တရုတ်ဘက် အများဆုံးပို့ကုန်မှာ ကြက်သွန်နီဖြစ်ပြီး တရုတ်ဘက်ကနေ အများဆုံး ပြန်လည်တင်သွင်းကုန်မှာ ယာဉ်နဲ့ ယာဉ်ယန္တရားပစ္စည်းတွေဖြစ်ပြီး တပတ်အတွင်း ကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ်လာ ၂၁ သန်းကျော် ကုန်သွယ်နိုင်ခဲ့တယ်လို့ ကုန်သွယ်ရေးဇုန်ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
#voiceofmyanmar #VOM #မူဆယ် #ကျင်စန်းကျော့ဂိတ် #တပတ်တာကုန်သွယ်မှုအခြေအနေ