စက်တင်ဘာ ၊ ၂၀ ၊ ၂၀၂၃
SP ( VOM)
ရှမ်းပြည် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် ၊ အင်းလေးဒေသ အင်းပေါခုံကျေးရွာအုပ်စု ၊ ဆည်ခေါင်းရွာမှာရှိတဲ့ မူလတန်းလွန် စာသင်ကျောင်းမှာ မနေ့ စက်တင်ဘာ ၁၉ ရက် နေ့လယ်ပိုင်းက ကျောင်းသား ၂ ဦး ဓာတ်လိုက်ပြီး သေဆုံးသွားတယ်လို့ ဒေသခံ ကျောင်းသားမိဘတွေဆီက သိရပါတယ်။
” မုန့်စားကျောင်းဆင်းတဲ့အချိန်မှာ ကျောင်းသားတစ်ယောက်က အိမ်သာသွားတယ် ၊ အိမ်သာတက်ပြီး အပြန် ရေကန်ထဲက ရေကိုခပ်တယ် ၊ အဲ့ဒီ ရေကန်ထဲမှာ လျှပ်စစ်မီးကြိုပြတ်ကျနေပြီး ဓာတ်အားရှိနေတဲ့အချိန်ဖြစ်တယ် ၊ အဲ့ဒီမှာ ရေခပ်တဲ့ ကျောင်းသား ဓာတ်လိုက်နေတာကို အခြားကျောင်းသားတယောက်က ဝင်ဆွဲတယ် ၊ ဓာတ်လိုက်တဲ့သူရော ဝင်ဆွဲတဲ့သူပါ ၂ ယောက်စလုံး သေဆုံးတယ်”လို့ ကျောင်းသားမိဘ တယောက်က ပြောပါတယ်။
ဆည်ခေါင်းရွာကျောင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ပညာရေးဝန်ထမ်းတယောက်က ” ဓာတ်လိုက်လို့ သေဆုံးတဲ့ ကျောင်းသားတွေက ဒုတိယတန်း နဲ့ ပဉ္စမတန်းက ကလေးတွေဖြစ်တယ် ၊ အလောင်းတွေကိုတော့ နန်းပန်မြို့နယ် ပြည်သူ့ဆေးရုံကို ပို့ဆောင်ထားတယ်”လို့ ပြောပါတယ်။
ဆည်ခေါင်းရွာခံတွေရဲ့ ပြောပြချက်အရ ဆည်ခေါင်းရွာ မူလတန်းလွန် စာသင်ကျောင်းမှာ ကျောင်းသား အရေအတွက်နဲ့ ပညာရေးဝန်ထမ်း အင်အားဟာ ကိုက်ညီမှုမရှိသေးဘူးလို့လည်း သိရပါတယ်။
#voiceofmyanmar #VOM #အင်းလေး