စက်တင်ဘာ ၂၁ – ၂၀၂၃
GG (VOM)
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ ရပ်ကွက် ၈ ၊သီတာလမ်းထဲက ဆောက်လက်စ အဆောက်အဦရဲ့ ဆားဗစ်ကန်ထဲမှာ အမျိုးသား ၃ ယောက် အောက်ဆီဂျင်ပြတ်ပြီးသေဆုံးခဲ့မှု ဒီနေ့ စက်တင်ဘာ ၂၁ ရက်၊နေ့လယ်ပိုင်းက ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
” နေ့လယ် ၂ နာရီ ၄၀ လောက်ကဖြစ်တယ်၊ကျနော်တို့ရောက်ပြီး ကယ်ဆယ်ရေးလုပ်တော့ အထဲမှာ ၃ ယောက်လုံးက တယောက်ပေါ်တယောက်ထပ်ပြီး လဲနေကြပြီ၊ရေကလည်း (၁)ပေလောက်ရှိတယ်၊ရေပေါ်ကို ပေါ်ရုံလေးပဲ၊ကျနော်တို့သုံးသပ်တာတော့ တစ်ယောက်က ဆင်းပြီး သတိလစ်ချိန် နောက်ထပ် ဆင်းကယ်ရာမှာအကုန်လုံး အောက်ဆီဂျင်ပြတ်ပြီး လဲကျတာလို့ထင်တယ်။အထဲမှာ ငြမ်းတွေ ဘာမှမဖြုတ်ရသေးဘူး။ဖြုတ်ဖို့ဆင်းတာမှာ အောက်ဆီဂျင်ပြတ်တဲ့သဘောပါ”လို့ ဓမ္မရက္ခိတ နာရေးနှင့်လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးဝင်းသန်းကပြောပါတယ်။
ဆားဗစ်ကန်ထဲ ပိတ်မိပြီး အောက်ဆီဂျင်ပြတ်သူတွေကို အရေးပါ်အသက်ကယ်နည်းအသုံးပြုပြီး ကယ်ဆယ်ရေးလုပ်ခဲ့ပေမယ့်လည်း ကျင်းထဲမှာပိတ်မိချိန် ကြာသွားတာကြောင့် အသက်ကိုမကယ်နိုင်ခဲ့ဘူးလို့ သိရပါတယ်။
အဲ့ဒီဆားဗစ်ကန်က အနက် ၈ ပေလောက်ရှိပြီးအပေါ် ဝင်ပေါက်က လူတစ်ကိုယ်ဝင်ရရုံသာ ရှိတယ်လို့ သိရပါတယ်။
” ဆားဗစ်ကန်ထဲ အလုပ်ဆင်းလုပ်ရင်းကနေ အောက်ဆီဂျင်ပြတ်သွားတာပေါ့။ကျနော်တို့ရောက်သွားပြီး အထဲကနေ ကယ်ပြီး အပြင်ထုတ်လာတော့ အသက်မရှိတော့ဘူး။အဆောက်အဦက ဆောက်နေဆဲ တိုက်ပေါ့။သေဆုံးတဲ့သူတွေက အသက် ၃၀ ပတ်ချာလည်တွေပါ ” လို့ လားရှိုးလူငယ်များလူမှုကူညီရေးအသင်း တာဝန်ရှိသူတဦးကလည်း ပြောပြပါတယ်။
လက်ရှိမှာ သေဆုံးအမျိုးသား ရုပ်အလောင်း ၃ လောင်းကို လားရှိုးပြည်သူ့ဆေးရုံက ရင်ခွဲရုံကို လူမှုကူညီရေးအသင်းတွေက ပို့ဆောင်ပေးခဲ့တယ်လို့သိရပါတယ်။
#voiceofmyanmar #VOM #လားရှိုး