ဖားကန့် ဆိပ်မူရွာမှာ ရဲ ၃ ဦး ပစ်သတ်ခံရလို့ ၊ ၁ ဦး သေ ၊ ၂ ဦး ဒဏ်ရာရ

စင်တင်ဘာ ၊ ၂၂ ၊ ၂၀၂၃
SP (VOM)

ကချင်ပြည်နယ် ၊ မိုးညှင်းခရိုင် ၊ ဖားကန့်မြို့နယ် ၊ ဆိပ်မူ(ဆိုင်းတောင်) ကျေးရွာ ၊ အမှတ် ၂ ရပ်ကွက်မှာ မနေ့ စက်တင်ဘာ ၂၁ ရက် ညနေပိုင်းက ရဲ ၃ ယောက် ပစ်သတ်ခံရပြီး ၁ ဦးသေ ၊ ၂ ဦးဒဏ်ရာရတယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။

” မနေ့က ညနေပိုင်း၅ နာရီဝန်းကျင်မှာ ဖြစ်တာပါ ၊ ဆိပ်မူးရွာကို ဆေးခန်းလာပြပြီး ပြန်လာတဲ့ ရဲကားကို စောင့်ကြိုပြီး ပစ်ခတ်ခံရတာဖြစ်တယ် ၊ ရဲတပ်ဖွဲ့ဝင် ၃ ဦးအနက် ၊ ရဲတပ်ကြပ်ကြီး ဝင်းဇော်ဦး ဆိုသူကတော့ နေရာမှာ ပွဲချင်းပြီးသေတယ် ၊ ကျန် ၂ ယောက်လည် ဒဏ်ရာရတယ် ” လို့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။

အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်လို့ ဖားကန့်မြို့နယ် ရဲတပ်ဖွဲ့မှူးရုဲးနဲ့ နီးစပ်သူတယောက်က ” ဖားကန့်နယ်မြေက ဒေသတွင်း လက်နက်ကိုင် သုံးလေးဖွဲ့ရှိတယ် ၊ အခုဖြစ်စဥ်က ဘယ်အဖွဲ့ရဲ့ လက်ချက်မှန်း မသိရသေးဘူး” လို့ ပြောပါတယ် ။

ဒါ့အပြင် ဆိပ်မူရွာခံ တယောက်ကလည်း ” မနေ့က မနက်ပိုင်း ၁၀ နာရီဝန်းကျင်က ဖားကန့်မြို့နယ် ၊ ဝှေခါကျေးရွာနားက လမ်းမကြီးပေါ်မှာ လူ ၂ ယောက် သတ်ခံထားရတာကို တွေ့တယ် ၊ သေဆုံးသူတွေဟာ ပုတ်ပွနေပြီ ဖြစ်တယ် ၊ ဆရာဝန် ခန့်မှန်းတာကတော့ လွန်ခဲ့တဲ့ ၁၀ ရက်လောက်က အသတ်ခံရတာဖြစ်မယ် ၊ အဲ့ဒီ အပြင် လွန်ခဲ့တဲ့ ၁၀ ရက်လောက်က ပြီးခဲ့တဲ့ စက်တင်ဘာ ၁၁ ရက်မနက်ပိုင်းက ဟောင်ပါးရွာ ၊ မြောက်ဘက် ဘုန်းကြီးကျောင်းနားမှာ စစ်ကြောင်းအဖွဲ့က လူ ၅ ယောက်ကို ပစ်သတ်ဖမ်းဆီးခဲ့တာရှိတယ် ၊ အခု ရဲ ၃ ယောက် ပစ်သတ်ခံရတာ အဲ့ဒီကိစ္စ နောက်ဆက်တွဲလည်း ဖြစ်နိုင်တယ် ” လို့ပြောပါတယ်။

အခု ရဲ ၃ ယောက် ပစ်သတ်ခံရတဲ့ ဖြစ်စဥ်နဲ့ ပတ်သက်လို့ လူမှုကွန်ရက်ပေါ်မှာ ဆိပ်မူးရွာမှာ ဆေးခန်းပြပြန်လာတဲ့ ရဲ ၆ ယောက်လိုက်ပါလာတဲ့ကားကို KIA ၊ K – PDF အဖွဲ့က ပစ်ခတ်တာဖြစ်တယ်လို့ ဖော်ပြထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ် ၁၈ ရက်ကလည်း ဖားကန့်ကနေ မြစ်ကြီးနားမြို့ကိုသွားတဲ့ ရဲကား တစ်စီး မိုင်းဆွဲခံရပြီး ရဲတပ်ဖွဲ့ဝင် ၄ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဖားကန့်နယ်မြေဟာ ဒေသခံ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရှိပြီး မကြာခဏ ဆိုသလို အပြန်အလှန် ထိတွေ့ပစ်ခတ်မှုတွေဖြစ်ပွားပြီး ရဲတပ်ဖွဲ့ဝင်တွေ ၊ ပြည်သူ့စစ်တွေ အပါအဝင် ၂ ဘက် ထိခိုက်ကျဆုံးမှုတွေရှိတယ်လို့ ဒေသခံတွေဆီ က သိရပါတယ်။

ဒီရက်ပိုင်း ရဲတပ်ဖွဲ့ဝင်တွေ သတ်ခံရတဲ့ အခြေအနေကို နေပြည်တော် ရဲချုပ်ရုံးနဲ့ နီးစပ်သူတယောက်က
” ပြီးခဲ့တဲ့ စက်တင်ဘာ ၈ ရက် ၊ မုံရွာခရိုင် ၊ ဘုတလင်မြို့နယ်မှာ ရဲတပ်ကြပ် ဖိုးထူးဆိုသူ ပစ်သတ်ခဲ့တယ် ၊ စက်တင် ဘာ ၁၃ ရက် ၊ နေ့လယ်ပိုင်းအချိန်က ရန်ကုန် ၊ ရွှေပြည်သာ တပင်ရွှေထီးလမ်းက လက်ဘက်ရည်ဆိုင်ထဲမှာ ကယားပြည်နယ် ၊ လွိုက်ကော်မှာ တာဝန်ကျနေတဲ့ ရဲအုပ် အောင်သက်ထွေ ပစ်သတ်ခံရတယ် ၊ အဲ့ဒီနေ့ ညနေပိုင်းမှာ စစ်ကိုင်းမြို့နယ် ၊ သလွန်ဖြူရွာမှာရောက်နေတဲ့ မန္တလေး တံတားဦး လေဆိပ်တာဝန်ကျ ဒုရဲအုပ် သန်းမင်းစိုးတို့ လင်မယား ပစ်သတ်ခံရတယ် ၊ အဲ့ဒီနေ့ ညပိုင်း ၁၁ နာရီ ဝန်းကျင်မှာ စစ်ကိုင်းတိုင်း ၊ ဒီပဲယင်းမြို့က လုံခြုံရေးတပ်ဖွဲ့ဝင် ၄ ဦး ဖမ်းဆီးသတ်ဖြတ်ခံရပြီး လက်နက် ၄ လက်ပါသွားတယ် ၊ အဲ့ဒီနောက် ပြီးခဲ့တဲ့ စက်တင်ဘာ ၁၆ ရက် မနက် ၅ နာရီဝန်းကျင်က အဲ့ဒီ ဒီပဲယင်းမြို့မှာ ကင်းစောင့်ပြီး ရဲစခန်းကိုပြန်လာတဲ့ တပ်ဖွဲ့ဝင် ၂ ဦး လမ်းမှာ ပစ်သတ်ခံရပြီး လက်နက် ၂ လက်ပါသွားတယ် ၊ အဲ့ဒီနေ့ မနက် ၇ နာရီဝန်းကျင်မှာ ဒီပဲယင်းနဲ့ နယ်နိမိတ် ထိစပ်နေတဲ့ ဘုတလင်မြို့ပေါ်မှာလည်း ကင်းစောင့်ပြီး ရဲစခန်းပြန်လာတဲ့ ရဲအုပ် မျိုးလွင်းနဲ့ တပ်ဖွဲ့ဝင် ၁ ဦး ၊ ပေါင်း ၂ ဦး လမ်းမှာ ပစ်သတ်ခံရပြီး လက်နက် ၂ လက်ပါသွားတယ်၊ အဲ့ဒါကြောင့် စက် တင်ဘာ ၈ ရက်ကနေ ၊ စက် တင်ဘာ၂၁ ရက်အထိ ၈ ရက်တာကာလအတွင်း တပ်ဖွဲ့ဝင် ၁၀ ယောက်ထက်မနည်း လုပ်ကြံသတ်ဖြတ်ခံရတယ် ” လို့ ပြောပါတယ်။

#voiceofmyanmar #VOM #ဖားကန့် #ဆိပ်မူ

Related posts

Leave a Comment

VOM News

FREE
VIEW