စက်တင်ဘာ ၂၃ ၊ ၂၀၂၃
SP ( VOM)
စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းခရိုင် ၊ မြင်းမူမြို့နယ် ၊ ခြေရာတော်ကျေးရွာ ၊ မြင်းမူ – မြောင် ကားလမ်းပေါ်မှာ ဒီကနေ့မနက် အစောပိုင်းက ကား ၁ စီးပစ်ခတ်ခံရပြီး လူ ၂၅ ယောက်သေဆုံးခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။
” မုံရွာ – မန္တလေး ကားလမ်းကနေ မြောင်မြို့ကို ခွဲထွက်သွားတဲ့ ကားလမ်းပေါ်မှာ ဖြစ်တာပါ ၊ ပစ်ခံရတဲ့ ကားနောက်ကနေ လိုက်လာတဲ့ ဆိုင်ကယ်သမားတွေလည်း သေတယ် ၊ ဆိုင်ကယ်သမားနဲ့ ကားပေါ်က လူတွေရောဆိုရင် အားလုံး သေဆုံးသူ ၂၅ ယောက်ဖြစ်တယ် ” လို့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။
အဲ့ဒီ ပစ်ခတ်မှုဖြစ်ပွားတဲ့ ခြေရာတော်ရွာမှာတဲ့ ဒေသခံတယောက်က ” အစကတော့ မြောင် – မန္တလေးကား ပစ်ခံရတယ်လို့ ထင်တာ ၊ ဒီမနက် မိုးလင်းမှသိရတာက မြောင်နယ်မှာရှိတဲ့ ဒေသတွင်း လက်နက်အဖွဲ့တွေရဲ့ ကားဖြစ်တယ် ၊ ကင်းပုန်းဝပ်နေတဲ့ စစ်ကြောင်းအဖွဲ့က ပစ်တာလို့ ကြားရတယ် ၊ အဲ့ဒီနေရာဝန်းကျင်က ၂၀၂၁ တုန်းက ရဲချုပ်လမ်းကြောင်း ယာဥ်တန်းမိုင်းဆွဲခံရတဲ့နေရာဖြစ်တယ် ” လို့ ပြောပါတယ်။
အဲ့ဒီဖြစ်စဥ်နဲ့ ပတ်သက်ပြီး စစ်ကိုင်းခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” ဒီမနက် ၄ နာရီဝန်းကျင်မှာ မြင်းမူမြို့နယ် ခြေရာတော်ရွာနားမှာ ထိတွေ့ပစ်ခတ်မှုဖြစ်တယ် ၊ မြောင်ဘက်ကနေ မြင်းမူဘက် ဦးတည်လာတဲ့ကား ၁ စီးနဲ့ အဲ့ဒီကားနောက်မှာ လိုက်လာတဲ့ ဆိုင်ကယ် သုံးလေးစီးရှိတယ် ၊ အဲ့ဒီကားကို ကင်းပုန်းအဖွဲ့က စစ်ဆေးဖို့ ရပ်တန့်ခိုင်းတဲ့အခါ ကားပေါ်ကနေ စတင်ပစ်ခတ်တယ် ၊ အဲ့ဒါနဲ့ ကင်းပုန်းအဖွဲ့နဲ့ အပြန်အလှန် ပစ်ခတ်မှုဖြစ်တယ် ၊ အလောင်း ၂၅ လောင်း၊ လက်လုပ်သေနတ် (အရှည်) ၈ လက်၊ လက်လုပ်သေနတ်(အတို) ၂ လက်၊ ကျည်အိမ် ၈ ခု၊၁၂ ဗို့ကျည် ၂၀၀ တောင့်၊ အမ်-၂၂ ကျည် ၈၀ တောင့်၊ လက်လုပ်မိုင်း ၂ လုံး၊ ရီမုဆားကစ်ပြား ၂ ခု၊ဝါယာကြိုး(၅၀ ပေခန့်) ၁ ခွေ၊ ဆိုင်ကယ်ဘက္ထရီ ၁၁ လုံး၊ ပြောက်ကျားဦးထုပ် ၆ လုံး၊ ပြောက်ကျားအင်္ကျီ ၉ ထည်၊ ပြောက်ကျားဘောင်းဘီ ၅ ထည်၊ Icon(အမျိုး အစား စိစစ်ဆဲ) ၁ လုံး၊ Icon အားသွင်းခုံ ၂ ခု၊ ညကြည့်မှန်ပြောင်း ၁ လက်သိမ်းဆည်းရမိတယ် ” လို့ပြောပါတယ်။
ဒီကိစ္စ ဒေသတွင်းလက်နက်ကိုင်အဖွဲ့တွေက ထုတ်ပြန်တာတော့ မတွေ့ရသေးပါဘူး။
ဒါ့အပြင် မနေ့က မနက်ပိုင်းကလည်း စစ်ကိုင်းတိုင်း ၊ ရေဦးခရိုင် ၊ တန့်ဆည်မြို့ပေါ်မှာရှိတဲ့ စုပေါင်းရုံးနားမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားလို့ ရဲတပ်ဖွဲ့ဝင် ၆ ဦးနဲ့ ပြည်သူ့စစ် ၄ ယောက် သေဆုံးခဲ့ပါတယ်။
ဒီရက်ပိုင်းအတွင်း ဘုတလင်မြို့နဲ့ ဒီပဲယင်းမြို့နယ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်ဖွဲ့ဝင် ၉ ဦးထက်မနည်း သေဆုံးခဲ့တာ ရှိတယ်လို့ သိရပါတယ်။
အဲ့ဒီ အပြင် စစ်ကိုင်းမြို့နယ်နဲ့ မြင်းမူမြို့နယ်အတွင်းမှာလည်း စစ်ကြောင်းအဖွဲ့က ပစ်ခတ်ဖမ်းဆီးလို့ လူ ၂၀ ကျော် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
#voiceofmyanmar #vom #မြောင် #မြင်းမူ