တန့်ဆည်မြို့နယ်မှာ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာသူ ၇၀၀၀ ကျော်ရှိနေ

စက်တင်ဘာ ၊ ၂၅ ၊ ၂၀၂၃
SP ( VOM)

စစ်ကိုင်းတိုင်း ၊ ရေဦးခရိုင် ၊ တန့်ဆည်မြိုမှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၂ ရက်က ထိတွေ့တိုက်ပွဲဖြစ်ပြီးနောက် ရေဦးနဲ့ တန့်ဆည်မြို့နယ်ထဲကို စစ်ကြောင်းတွေ ဝင်ရောက်လာတာကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်းနေရတဲ့ ဒေသခံသူ ၇၀၀၀ ကျော်ရှိတယ်လို့ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။

” တန့်ဆည်မြို့နယ်ထဲကို ရေဦးမြို့နယ် မြောက်ဘက်ခြမ်းကနေ စစ်ကြောင်းတွေ စတင်ဝင်ရောက်တယ် ၊ ကန်ပေါက်၊ ပန်းကုံး၊ ဖလံဂုဏ်၊ ဗိုလ်ရုံ၊ ဆပ်သေ၊ အင်တော၊ လှည်းသွင်း၊ ပုဏ္ဏကား၊ တူမောင်း၊ ရွာသာယာ စတဲ့ရွာတွေဘက်ကနေ တန့်ဆည်မြို့နယ် တောင်ခြမ်းမှာရှိတဲ့ ရွှေတံကျေး၊ ခပေါင်းကြိုင်၊ ချောင်းရိုး၊ ဖန်းခါးဇင်၊ စိမ်းစား၊ ဒယ်ရောက်၊ အောင်သာ စတဲ့ ရွာတွေဘက်ကို ဝင်ရောက်လာတယ် ၊ အဲ့ဒါကြောင့် အဲ့ဒီရွာက ဒေသခံတွေအားလုံး ၇၀၀၀ ကျော်လောက် ထွက်ပြေးတိမ်းရှောင်ရတယ် ” လို့ နယ်ခံ ပရဟိတသမား တယောက်က ပြောပါတယ်။

ဒါ့အပြင် လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲတာကြောင့် ရေဦးနယ်တောင်ဘက်ခြမ်းမှာရှိတဲ့ မူးသာကုန်း၊ ရွာသာလေး၊ ကုက္ကိုစုစတဲ့ရွာတွေက ဒေသခံတွေလည်း ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ် ။

အဲ့ဒီ ပေါက်ကွဲမှုဖြစ်စဥ်တွေကြောင့် မူးသာကုန်းရွာက အသက်(၁၇)နှစ်အရွယ် လူငယ်တဦး လက်နက်ကြီးကျည် ထိမှန် သေဆုံးခဲ့ရပြီး ရွှေတံကျေးရွာက အသက် ၅၀ အရွယ် ဦးမောင်ပြားဆိုသူလည်း ပစ်သတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

” မိုးစပါး စိုက်ပျိုးရာသီရောက်နေပြီဖြစ်တယ် ၊ တောင်သူ အများစုက ပြေးလွှားနေရတော့ စပါးစိုက်ပျိုးဖို့ မလုပ်နိုင်ကြဘူး ၊ တောင်သူလုပ်ငန်းခွင်ကို ဝင်နိုင်တဲ့ လူငယ်တွေက ရွာတွေမှာ မရှိတော့ဘူး ၊ တရုတ်ပြည်ဘက် အလုပ်သွားလုပ်တဲ့သူတွေများတယ် ၊ တချို့ကလည်း ရွာမှာမနေရဲတော့ဘူး ၊ ရွာမှာနေရင် ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက စစ်သင်တန်းတက်ခိုင်းတယ် ၊ ကျန်းမာရေး မကောင်းတဲ့ လူငယ်တွေမှ အပ ကျန်လူတွေက သင်တန်းတက်ရတယ် ၊ အဲ့ဒီလို သင်တန်းတက်ပြီးသားဆိုရင် စစ်ကြောင်းအဖွဲ့နဲ့ တွေ့ရင် ပစ်သတ်ခံရတယ် ၊ အဲ့ဒါကြောင့် လူငယ်တွေအများစုက ရွာတွေမှာ မနေရဲတော့ဘဲပြည်ပ အလုပ်အကိုင်ရှာပြီး အလုပ်သွားလုပ်ကြတယ် ” တန့်ဆည်မြို့ခံတယောက်က ပြောပါတယ်။

ဒိအပြင် တန့်ဆည်မြို့ပေါ်မှာလည်း ထိတွေ့တိုက်ပွဲဖြစ်ပွားတဲ့ စက်တင်ဘာ ၂၂ ရက်ကစလို့ ဒီကနေ့အထိ မြို့ပေါ်မှာ လူသွားလူလာမရှိပဲ အရောင်းအဝယ်လုပ်ငန်းတွေ ရပ်ဆိုင်းသွားတယ်လို့ သိရပါတယ်။

ဓာတ်ပုံ ၊ တန့်ဆည်ဒေသခံတစ်ဦး
#voiceofmyanmar #VOM #တန့်ဆည် #တိုက်ပွဲရှောင်

Related posts

Leave a Comment

VOM News

FREE
VIEW