လူထုအသံကဏ္ဍ

လူထုအသံကဏ္ဍ

Voice Of Myanmar မှ တဆင့် နိုင်ငံတော်အဆင့် အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးဆိုင်ရာ အကြီးအကဲများသို့ တိုင်ကြားအစီရင်ခံစာ

ကျမတို့ ပထမဦးစွာတင်ပြလိုတာကတော့ ကျမတို့ ဒေါ်နီလာစိန်၊ ဦးစိမ်းသူ+ဒေါ်ပန်ခိုင်စော၊ ဦးထွန်းထွန်းအေး နဲ့ ဒေါ်ခင်ဆွေမိသားစု အပါအဝင် မိသားစု ၉ စုလောက်ရဲ့ အဖိုးအဖွားတွေဟာ ၁၉၄၈ မတိုင်ခင်ကတည်းက မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် ၊ အောင်နန်းအရှေ့ရပ်ကွက် ကယ်လီဝင်းလို့ အများသိကြတဲ့နေရာမှာ နေထိုင်တဲ့ မိသားစုတွေဖြစ်ပါတယ်။

ကယ်လီခရစ်ယာန်ဘုရားကျောင်းဟာ မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် ၊ အောင်နန်းအရှေ့ရပ်ကွက် ၈၂လမ်းနဲ့ ၃၃-၃၄ကြားမှာတည်ရှိပြီး ကျမတို့မိသားစုတွေဟာ ကယ်လီဘုရားကျောင်းဝန်း အရှေ့ဘက်ခြမ်း ၈၁လမ်းနဲ့ ၃၃-၃၄ကြားမှာ ၁၉၄၈ ကတည်းက မိသားစုအစဉ်အဆက် နေထိုင်လာကြတာဖြစ်ပါတယ်။ (ပုံ ၁ ဟာ ကယ်လီခရစ်ယာန်ဘုရားကျောင်းနဲ့ ကျမတို့နေထိုင်ရာ ကယ်လီသာသနာပြုစာသင်ကျောင်းမြေ ဖြစ်ပါတယ်)

ဒီလိုနေထိုင်နိုင်အောင်လည်း ခရစ်ယာန်သာသနာပြုဆရာတော် EW ကယ်လီသခင် သက်ရှိထင်ရှားရှိစဉ် ၁၉၄၈ ကာလကတည်းက ဘုရားကျောင်းစီမံခန့်ခွဲမှုမှတ်တမ်းမှတ်ရာနဲ့တကွ ကယ်လီခရစ်ယာန်သာသနာပြုခရီးမှာ အနစ်နာခံ လခ မယူ စေတနာ့ဝန်ထမ်း သာသနာပြုခဲ့တဲ့ ကျမတို့ အဖိုးအဖွားတွေကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ ပေးအပ်ခဲ့လို့ ခုလို နှစ် ၇၀ ကျော်တိုင် အတည်တကျနေနိုင်ခဲ့တာဖြစ်ပါတယ်။ (ပုံ ၂+၃)

ကယ်လီဘုရားကျောင်း ဂေါပက အဆက်ဆက်ပြောင်းခဲ့ပေမယ် ပြဿနာမရှိခဲ့ပါဘဲ ၂၀၁၈ ခုနှစ်မှ မန္တလေး ကယ်လီခရစ်ယာန်ဘုရားကျောင်း သိက္ခာတော်ရဆရာက ဘုရားကျောင်းရံပုံငွေအကြောင်းပြပြီး ကန်ထရိုက်တာနဲ့ပေါင်းကာ တိုက်ခန်းဆောက်မှာမို့ ကျမတို့နေထိုင်တဲ့ ကယ်လီခရစ်ယာန်ဘုရားကျောင်း နောက်ကျောဘက်ဝန်းနေသူတွေကို နစ်နာကြေးအနည်းငယ်ပေး ဖယ်ရှားခဲ့ပါတယ်။ တချို့က တရားတဘောင်မဖြစ်လိုလို့ ကန်ထရိုက်က ကယ်လီခရစ်ယာန်ဘုရားကျောင်းဂေါပကကတဆင့် ပေးတဲ့နစ်နာကြေးနဲ့ ရွေ့ပြောင်းစရိတ်ယူ ဖယ်ပေးခဲ့တာရှိခဲ့ပါတယ်။ အဲလိုဖယ်ပေးသူတွေရှိခဲ့ပေမယ့် ကျမတို့ ဒေါ်နီလာစိန်၊ ဦးစိမ်းသူ+ဒေါ်ပန်ခိုင်စော၊ ဦးထွန်းထွန်းအေးနဲ့ ဒေါ် ခင်ဆွေ မိသားစု ၃ဦး ပေါင်း ၆ဦးတို့က မိမိတို့ ပိုင်ဆိုင်မှုအထောက်အထားအပြည့်အစုံနဲ့မို့ ဖယ်မပေးခဲ့ပါဘူး။ အဲလိုဖယ်မပေးလို့ဆိုပြီး ကယ်လီခရစ်ယာန်ဘုရားကျောင်း သိက္ခာတော်ရဆရာက မန္တလေးခရိုင်တရားရုံးမှာ တရားစွဲဆိုခဲ့ပေမယ့် အပြီးသတ်စီရင်တဲ့ (၂၅-၁၁-၂၀၂၀) မှာ ကျမတို့ဘက်က အနိုင်ရခဲ့ပါတယ်။

အဲဒီနောက် ကယ်လီခရစ်ယာန်ဘုရားကျောင်း သိက္ခာတော်ရဆရာဘက်က တိုင်းတရားရုံးကိုဆက်တိုင်တဲ့အခါ (၁၅-၆-၂၀၂၃) မှာတော့ ကယ်လီခရစ်ယာန်ဘုရားကျောင်း သိက္ခာတော်ရဆရာကို အနိုင်ပေးထားပါတယ်။

ကျမတို့ဘက်ကပိုင်ဆိုင်မှု အထောက်အထားအပြည့်အဝ ပြနိုင်ပါလျှက် မန္တလေးတိုင်းတရားသူကြီးချုပ်ရဲ့ စီရင်ချက်ကို ကျေနပ်မှုမရှိလို့ နေပြည်တော် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကို (၂၈-၆-၂၃) ကို အယူခံတက်ရာမှာ တရားမအယူခံအမှတ်( ၃၉၁/၂၀၁၃) (၃၉၂/၂၀၂၃) (၃၉၃/၂၀၂၃) တွေနဲ့ လက်ခံထားရှိပြီးဖြစ်ပါတယ်။

အဲဒီလို နေပြည်တော် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ထံ အယူခံတက်ဆဲကာလရှိနေချိန် မကြားနာရသေးခင် (၁-၉-၂၀၂၃)နေ့က ဘိလစ် ဒုဦးစီးအရာရှိနဲ့ ရပ်ကွက်အုပ်ချုပ်ရေးတာဝန်ရှိသူတွေက (၁၅-၉-၂၀၂၃) နောက်ဆုံးထား ဖယ်ရှားရမည်လို့ စာရွက်တရွက်ကို လာရောက်ဖတ်ပြသွားပါတယ်။

(၂၅-၉-၂၀၂၃) ရက်နေ့မှာနောက်တကြိမ် ဘိလစ် ဒုဦးစီးအရာရှိနဲ့ ရပ်ကွက်အုပ်ချုပ်ရေးတာဝန်ရှိသူနဲ့ နယ်မြေခံရဲတပ်ဖွဲ့အပါအဝင် လူ ၂၀ လောက်က ထပ်မံသတိပေးကြောင်း မဖယ်ရင် အင်အားသုံးဖယ်ရှားမယ်လို့ သတိထပ်ပေးပြန်ပါတယ်။

ကျမတို့ဘက်ကလည်း နေပြည်တော် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကို (၂၈-၆-၂၃) ကို အယူခံရာမှာ တရားမအယူခံအမှတ်( ၃၉၁/၂၀၁၃) (၃၉၂/၂၀၂၃) (၃၉၃/၂၀၂၃) တွေနဲ့ လက်ခံထားရှိပြီးကြားနာမှု မပြီးပြတ်သေးကြောင်း ၊ မန္တလေးတိုင်းတရားရုံးမှာလည်း တရားမပြင်ဆင်မှုအမှတ်တွေနဲ့ ဝရမ်းနဲ့ပါတ်သက်သော အထွေထွေအယူခံအမှတ်တွေပြောပြီး တရားဥပဒေနဲ့အညီ အဆုံးအဖြတ်ပေးသည်ထိ ဆိုင်းငံ့ဖို့ ပြန်လည်ရှင်းပြခဲ့ပါတယ်။

ဒီလိုအကြောင်းအရာတွေကို ရှင်းပြပြီးသက်ဆိုင်ရာအဆင့်ဆင့်ကို စာတင်ပြ အသနားခံပြီးလည်းဖြစ်ပါတယ်။ သက်ဆိုင်ရာ နိုင်ငံတော်အဆင့်လူကြီးမင်းများအနေနဲ့ ကျမတို့နစ်နာနေတဲ့ မိသားစု ၆ ခုကို ရင်ဝယ်သားကဲ့သို့ သဘောထားပြီး မြန်မာနိုင်ငံသားတွေရဲ့ ရသင့်တဲ့အခွင့်အရေးတွေနဲ့အညီ တရားမျှတစွာ ဆုံးဖြတ်စီရင်ပေးနိုင်ဖို့ Voice Of Myanmar မှ တဆင့် ရိုသေလေးစားစွာ အနူးအညွတ် အသနားခံ တင်ပြအပ်ပါတယ်ရှင့်။

(ပုံ ၄+၅ လက်ရှိတရားရင်ဆိုင်ဆဲ လူနေအိမ်များ)

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် ၊ အောင်နန်းအရှေ့ရပ်ကွက် ၊ကယ်လီခရစ်ယာန်ဘုရားကျောင်းအရှေ့ဘက်ခြမ်း၊ ၈၁လမ်းနဲ့ ၃၃-၃၄ကြားနေ မိသားစုများ

#voiceofmyanmar #VOM #မန္တလေး #ကယ်လီခရစ်ယာန်ဘုရားကျောင်း #ကယ်လီဝင်း

Related posts

Leave a Comment

VOM News

FREE
VIEW