ထားဝယ် အကျဉ်းထောင်မှာ အကျဥ်းသားတွေ ရိုက်သတ်လို့ ထောင်ဝန်ထမ်း ၂ ဦး သေဆုံး

အောက်တိုဘာလ၊ ၂ ၊ ၂၀၂၃
SP ( VOM)
တနင်္သါရီတိုင်း ၊ ထားဝယ်မြို့ ၊ ထားဝယ်အကျဥ်းထောင်မှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ ရက်က အပြင်ဘုတ် ( ထောင်ပြင်အလုပ်) လုပ်ငန်းခွင်မှာ အကျဥ်းသားတွေရိုက်သတ်လို့ ထောင်ဝန်ထမ်းတွေ သေဆုံးခဲ့တယ်လို့ အကျဥ်းဦးစီး အသိုင်းအဝိုင်းဆီက သိရပါတယ်။
” ထားဝယ်မှာ အကျဥ်းထောင် အသစ်ဆောက်ဖို့ လုပ်နေတယ် ၊ ဇီးကျရွာနားမှာဖြစ်တယ် ၊ အဲ့ဒီနေရာကို မြေသန့်ရှင်ရေး လုပ်ကိုင်ဖို့ ထားဝယ် ထောင်ကနေ လွတ်နီးအကျဥ်းသား ၅ ယောက် ထုတ်သွားတယ် ၊ ထောင်ဝန်ထမ်း အစောင့်လုံခြုံရေး ၂ ဦးလိုက်ပါသွားတယ် ၊ အဲ့ဒီ ထောင်ဝန်ထမ်း ၂ ဦးကို အကျဥ်းသား ၅ ဦး ကရိုက်သတ်ပြီး ထွက်ပြေးသွားဖြစ်တယ် ” လို့ ထားဝယ်ထောင်နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
ဒါ့အပြင် ထားဝယ်ခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” ထောင်မှာ ညအိပ်တန်းပိတ်ချိန် ၊ အချိန်နီးတဲ့အထိ ဇီးကျရွာဘက် ဘုတ် ( ထောင်ပြင်ပ အလုပ်)အဖွဲ့က ပြန်ရောက်မလာသေးဘူး ၊ အဲ့ဒါနဲ့ တာဝန်ရှိသူတွေက ဖုန်းဆက်သွယ်တဲ့အခါ ဆက်သွယ်မရဘူး ၊ အဲ့ဒါနဲ့ ဇီးကျဘက်ကို လုံခြုံရေးအဖွဲ့က လိုက်သွားကြည့်တဲ့အခါ ထောင်ဝန်ထမ်း ၂ ဦးလုံး အသတ်ခံထားရတာကို တွေ့ရတယ် ” လို့ ပြောပါတယ်။
အဲ့ဒီ ထားဝယ် အကျဥ်းထောင်မှာ ပြီးခဲ့တဲ့ လပိုင်းက အကျဥ်းထောင် ဦးစီးအရာရှိဖြစ်သူရဲ့ နေအိမ်မှာ မူးယစ်ဆေးဝါးတွေ ၊ လက်နက်ခဲယမ်းတွေ ၊ လက်ကိုင်ဖုန်းတွေ တွေ့ရှိလို့ သိမ်းဆည်းခံရပြီး အမှုရင်ဆိုင်နေရတယ်လို့ သိရပါတယ်။
ဒါ့အပြင် ပဲခူးတိုင်း ၊ တောင်ငူ အကျဥ်းထောင်မှာလည်း ပြီးခဲ့တဲ့ မေတုန်းက ထောင်တွင်း အထူးတရားရုံးထုတ်တဲ့နေရာမှာ ရုံးထုတ်လာတဲ့ အကျဥ်းကျ အချုပ်သားတွေက လုံခြုံရေးလိုက်ပါလာတဲ့ ရဲဝန်ထမ်းတွေဆီက သေနတ်လုယူပြီး အချုပ်သား ၅ ယောက်က လုံခြုံရေးအဖွဲ့ကို ပြန်လည်ခုခံတိုက်ခိုက်တာကြောင့် လုံခြုံရေးအဖွဲ့ ဝင် ၁ ဦးသေဆုံးကာ ၂ ဦးဒဏ်ရာရပြီး အဲ့ဒီ အချုပ်သားတွေ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ဝန်းကျင်ကလည်း စစ်ကိုင်းတိုင်း ၊ မုံရွာအကျဥ်းထောင်မှာ တာဝန်ထမ်းဆောင်နေတဲ့ ထောင်မှူး ၁ ဦးဟာ သာစည်ထောင်သစ်လုပ်ငန်းခွင်ကနေ မုံရွာကို ပြန်အလာလမ်းမှာ ဒေသတွင်းလက်နက်ကိုင် အဖွဲ့တွေ ဖမ်းဆီးသတ်ဖြတ်တာကို ခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW