အခွန်ဆောင်ဖို့နဲ့ ဘဏ်စနစ်မှငွေလွှဲ‌‌ဖို့ ပြည်ပရောက် မြန်မာလုပ်သားတွေ မဖြစ်နေလိုက်နာရမယ့် အနေအထားမျိုးဖြစ်နေ

အောက်တိုဘာ ၂ – ၂၀၂၃
SN (VOM)
ပြည်ပမှာ သွားရောက်လုပ်ကိုင်နေတဲ့အလုပ်သမားတွေ နှစ်နိုင်ငံ ဘဏ်စနစ်ကို အသုံးပြုပြီး တရားဝင်ငွေလွှဲဖို့၊ အခွန်မဖြစ်မနေ ပေးဆောင်ဖို့ ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုအေဂျင်စီတွေက ဖိအားပေး တိုက်တွန်းမှုတွေ ရှိနေတယ်လို့ ပြည်ပရောက် အလုပ်သမားတွေက ပြောပါတယ်။
အလုပ်သမားဝန်ကြီးဌာန အနေနဲ့ ပြည်ပရောက် မြန်မာလုပ်သားတွေကို လစဉ် လစာရဲ့ ၂၅ ရာခိုင်နှုန်းကိုဖြစ်စေ၊ အများဆုံး သုံးလစာရဲ့ ၂၅ ရာခိုင်နှုန်းဖြစ်စေ လွှဲပို့ရမယ်လို့ ပြီးခဲ့တဲ့ သြဂုတ်လကုန်ပိုင်းက ညွှန်ကြားချက် ထုတ်ပြန်ခဲ့သလို အောက်တိုဘာ ၁ ရက်မှ စတင်ကာ ပြည်ပရောက် မြန်မာလုပ်သားတွေရဲ့ လစာအပေါ် ရရှိတဲ့ နိုင်ငံခြားငွေ အမျိုးအစားအလိုက် ဝင်ငွေခွန် ပေးဆောင်ရမယ်လို့လည်း ကြေညာထားတာ ဖြစ်ပါတယ်။
ဒီကြေညာချက်တွေနဲ့ ပတ်သက်လို့ ပြည်ပရောက် မြန်မာ့ရွှေ့ပြောင်း လုပ်သားတွေဘက်က ပြင်းပြင်းထန်ထန် ကန့်ကွက် ဝေဖန်မှုတွေ ရှိနေတာဖြစ်ပေမယ့် လက်ရှိမှာတော့ အေဂျင်စီတွေက ဖိအားပေး တိုက်တွန်းမှုတွေ ရှိနေတာကြောင့် မဖြစ်မနေ လိုက်နာရမယ့် အနေအထားမျိုး ဖြစ်နေတယ်လို့ ပြည်ပရောက် အလုပ်သမားတွေက ပြောပါတယ်။
“အစပိုင်းမှာတော့ မပေးဘဲ ရှောင်နေလို့ ရပေမယ့် ပတ်စ်ပို့ သက်တမ်းတိုးတဲ့အခါမှာတော့ အခက်အခဲတွေ ရှိလာနိုင်တယ်။ အေဂျင်စီဘက်ကလည်း ဒါတွေကိုပေးဆောင်ဖို့ တောက်လျှောက် ဖိအားပေးနေတယ်။ ဂျပန်မှာ‌ ကုန်ဈေးနှုန်းတွေကတက်၊ အခွန်ကလည်းများနဲ့ ဒီကြားထဲကမှ မြန်မာနိုင်ငံဘက်ကိုလည်း အခွန်ထပ်ပေးရဦးမယ်ဆိုတော့ တော်တော်လေးကို ဘေးကျပ်နံကျပ်ဖြစ်ရ၊ စိတ်အနှောင့်အယှက်ဖြစ်ရတဲ့ အနေအထားပေါ့။ မြန်မာပြည်သားဖြစ်ရတာ တကယ်ကံဆိုးတယ်” လို့ ဂျပန်ရောက် မြန်မာလုပ်သားတဦးက ပြောပါတယ်။
ပြည်ပရောက် မြန်မာနိုင်ငံသားတွေဟာ သူတို့ရောက်ရှိနေတဲ့ သက်ဆိုင်ရာနိုင်ငံကိုလည်း အခွန်ဆောင်နေရတာဖြစ်ပြီး မြန်မာနိုင်ငံအတွက် ထပ်မံ အခွန်ပေးဆောင်ရရင် နှစ်ထပ်ကွမ်း အခွန်ဆောင်ရမှာ ဖြစ်ပါတယ်။
ပြည်ပအလုပ်အကိုင် အေဂျင်စီတွေဘက်ကတော့ စက်တင်ဘာ ၁ ရက်မှစတင်ပြီး ပြည်ပကို သွားရောက်မယ့် အလုပ်သမားတွေကို သတ်မှတ်ထားတဲ့ နှုန်းအတိုင်း ငွေလွှဲပို့မယ့်အကြောင်း ဝန်ခံလက်မှတ်ကို အေဂျင်စီနဲ့ စာချုပ်ချုပ်ချိန်မှာ တပါတည်း လက်မှတ်ရေးထိုးခိုင်းထားတယ်လို့ သိရပါတယ်။
“ကျွန်တော်တို့ဆီကိုလည်း ဝန်ကြီးဌာနဘက်က ဖိအားပေးမှုတွေ ရှိနေတယ်။ အဲ့တော့ ဒါကိုမလုပ်ချင်လည်း၊ သူတို့ရဲ့ အခက်အခဲတွေကို နားလည်ပေမယ့်လည်း မလုပ်မဖြစ် လုပ်နေရတယ်။ တရားမဝင် (အောက်လမ်း) မှောင်ခိုသွားတဲ့ သူတွေလည်း သန်းခေါင်စာရင်း ကောက်ပြီးရင် အခွန်ဆောင်ရမယ်လို့ သိရတယ်။ တရားဝင် သွားတဲ့သူတွေအတွက်ကတော့ အခုက ချက်ချင်းမပေးဘဲ ရှောင်နေလို့ ရပေမယ့် ပတ်စ်ပို့သက်တမ်းတိုးတဲ့အခါ အခက်အခဲ ရှိလာနိုင်သလို မြန်မာပြည် ပြန်လာချင်တဲ့အခါမှာလည်း အခက်အခဲ ရှိလာနိုင်တယ်” လို့ ပြည်ပအလုပ်အကိုင် အေဂျင်စီတခုမှ တာဝန်ရှိသူတဦးက ပြောပါတယ်။
လက်ရှိ ပြည်ပမှာ မြန်မာလုပ်သား ၂ သန်းကျော်ရှိနေတာဖြစ်ပြီး မိသားစုဆီ ငွေလွှဲရာမှာ အလုပ်သမားအများစုက ဘဏ်ကနေ ငွေလွှဲဖို့ ဆန္ဒမရှိဘဲ တခြားအဆင်ပြေရာ နည်းလမ်းတွေနဲ့ ငွေလွှဲပို့နေကြတာဖြစ်တယ်လို့ သိရပါတယ်။
Photo: Crd

Related posts

Leave a Comment

VOM News

FREE
VIEW