အောက်တိုဘာ၂ ၊၂၀၂၃
SP ( VOM)
စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ အရာတော်မြို့ ၊ ခြေတော်ရာ ဘုရားနားက ဂိတ်စခန်းမှာ မနေ့ အောက်တိုဘာ ၁ ရက် မနက်ပိုင်းက ပစ်ခတ်မှုတွေဖြစ်ပွားပြီး သေဆုံး ၊ ဒဏ်ရာရသူတွေရှိတယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။
” မနေ့က မနက် ၉ နာရီဝန်းကျင်ကမြို့ရဲ့ မြောက်ဘက်အထွက် ဝါးတောမရွာဘက်နေရာ ၊ ခြေရာတော်ဘုရားနားက ဂိတ်ကို ဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေက ကားနဲ့လာပြီးပစ်တယ် ၊ အဲ့ဒီ ဂိတ်မှာ တာဝန်ကျတဲ့သူ ၃ ယောက်သေတယ် ” လို့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။
အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်လို့ မုံရွာခရိုင် လုံခြုံရေးအဖွဲ့ နဲ့ နီးစပ်သူတယောက်က ” အရာတော်မှာ ထိတွေ့ပစ်ခတ်မှု ဖြစ်စဥ် ဖြစ်တယ် ၊ ဂိတ်မှာ လုံခြုံရေးတာဝန်ကျ၊ စစ်သည် ၃ ဦး ကျဆုံးတယ် ၊ MA 1 သေနတ် ၁ လက်နဲ့ MA 94 သေနတ် ၁ လက်ပါသွားတယ် ” လို့ ပြောပါတယ်။
ဒါ့အပြင် အဲ့ဒီ ပစ်ခတ်ခံရတဲ့ နေရာဝန်းကျင်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက အရာတော်မြို့က ကျောင်းကား မိုင်းပေါက်ကွဲပြီး ကျောင်းသူ တယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
” စစ်ကိုင်းတိုင်းထဲက လမ်းကြောင်းတွေမှာ လုံခြုံရေး ဂိတ်တွေရှိတယ် ၊ ယာဥ်တွေဖြတ်သန်းတဲ့အခါ ဖြတ်သန်းခပဲ အဓိက ကောက်ကြတယ် ၊ လုံခြုံရေး စည်းကျိုးပေါက်နေတယ်ဆိုတာ သူတို့သိဟန်မတူဘူး ၊ အဲ့ဒါကြောင့်လည်း ခဏခန ပစ်ခံနေရတယ် ” လို့ ကားသမားတယောက်က ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၈ ရက်က ဘုတလင်မြို့အထွက်မှာ လုံခြုံရေးတာဝန်ကျနေတဲ့ ရဲတပ်ကြပ် ဖိုးထူးဆိုသူ ပစ်သတ်ခံရပြီး လက်နက်တွေ ပါသွားတယ်လို့ သိရပါတယ်။
အဲ့ဒီ အပြင် ပြီးခဲ့တဲ့ ဇူလိုင် ဝန်းကျင်ကလည်း ချောင်းဦးမြို့၊ မုံရွာ – မန္တလေးကားလမ်းမှာရှိတဲ့ လဝကရုံး ဂိတ်မှာ ရဲ ၄ ဦး ပစ်သတ်ခံရပြီး လက်နက်တွေ ပါသွားတယ်လို့ သိရပါတယ်။
အဲ့ဒီလို ဂိတ်တွေကို ပစ်ခတ်ခံရလို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ သေဆုံရတာဟာ အရာတော် တစ်မြို့တည်းတော့ မဟုတ်ပါဘူး ၊ ချောင်းဦး ၊ ဘုတလင် ၊ ဒီပဲယင်း ၊ ကောလင်း ၊ တန့်ဆည် ၊ ဗန်းမောက်စတဲ့ မြို့တွေမှာလည်း ဖြစ်ပွားခဲ့တာတွေရှိတယ်လို့ သိရပါတယ်။