အောက်တိုဘာ ၊ ၂ ၊ ၂၀၂၃
SP (VOM)
စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ ချောင်းဦးမြို့နယ် ၊ အမြင့် ရှေးဟောင်း ယဥ်ကျေးမှု တိုက်နယ် ၊ ရွှေလှေကျေးရွာနားမှာ ဒီကနေ့ ေအာက်တိုဘာ ၂ရက် နေ့လယ်ပိုင်းက ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး သေဆုံး ၊ ဒဏ်ရာရသူတွေရှိတယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။
” ရွှေလှေရွာနားမှာ တိုက်ပွဲဖြစ်တယ် ၊ ဒေသတွင်း လက်နက်ကိုင် အဖွဲ့စခန်းကို စစ်ကြောင်းက ဝင်စီးတာဖြစ်တယ် ၊ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ၁၀ ယောက်ထက်မနည်း သေဆုံးတယ် ၊ သေဆုံးသူတွေက ရွှေလှေနယ်က ကလေးတွေမဟုတ်ဘူး ” လို့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။
အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး မုံရွာခရိုင် ၊ လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” ချောင်းဦးမြို့နယ်မှာ လုံခြုံရေးအဖွဲ့က နယ်မြေရှင်းလင်းရေး လုပ်ဆောင်ရင်း ရွှေလှေရွာနားမှာ ထိတွေ့မှုဖြစ်တယ် ၊ အလောင်း ၁၀ လောင်း၊ သေနတ် ၁၃ လက်၊ ၁၂ဗို့ကျည် ၆၈ တောင့်၊ ကျည်မျိုးစုံ ၃၀၀ ကျော် ၊ ၄၀ မမ ၂၅ တောင့် ၊ စကားပြောစက် ၅ လုံး ယူနီဖောင်း ၄ စုံ သိမ်းဆည်းရမိတယ် ၊ စစ်ကြောင်းအဖွဲ့က ထိခိုက် သေဆုံးတာမရှိဘူး ” လို့ ပြောပါတယ်။
အဲ့ဒီ ထိတွေ့တိုက်ပွဲဖြစ်ပွားတဲ့ ချောင်းဦးမြို့နယ် ၊ ရွှေလှေကျေးရွာဆိုတာ မြောင် ၊ ရေစကြို ၊ ဆားလင်းကြီး စတဲ့ မြို့နယ်တွေနဲ့ နယ်နမိတ် ထိစပ်လျက်ရှိပြီး ချောင်းဦး – ရေစကြို ဆင်ဖြူရှင် ကားလမ်းရဲ့ မြောက်ဘက်မှာ တည်ရှိပြီး လူဝင်လူထွက် များတယ်လို့ သိရပါတယ်။
မနေ့ အောက်တိုဘာ ၁ ရက် မနက်ပိုင်းက မုံရွာခရိုင် ၊ အရာတော်မြို့ ၊ ခြေတော်ရာ ဘုရားနားမှာရှိတဲ့ လုံခြုံရေးဂိတ်ကို ဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေက ကားတစီးနဲ့ ဝင်ရောက် ပစ်ခတ်တာကြောင့် စစ်သား ၃ ယောက် သေဆုံးပြီး သေနတ် ၃ လက်ပါသွားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ချောင်းဦးမြို့နယ် မကျီးခွရွာနဲ့ မင်းတည်ရွာကြားမှာ ထိတွေ့မှုလို့ ဖြစ်ပွားပြီး ဒေသတွင်း လက်နက်ကိုင် ၁၄ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေ အပြောအရ သိရပါတယ်။
Telegram link: https://t.me/VOMNEWS2023/2717