နိုင်ငံဖြတ်ကျော် မှုခင်းရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် အောင်ဌေးမြင့် ကို ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေနဲ့ ထောင်ဒဏ် ၄ နှစ်ချ

အောက်တိုဘာ ၊ ၃ ၊ ၂၀၂၃
SP( VOM)
နေပြည်တော် မြန်မာနိုင်ငံရဲတပ်ဖွဲ့ချုပ်ရုံးမှာ နိုင်ငံဖြတ်ကျော် မှုခင်းရဲတပ်ဖွဲ့ရဲ့ တပ်ဖွဲ့မှူး ရဲမှူးချုပ် အောင်ဌေးမြင့် ဆိုသူကို ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေတွေအရ မနေ့ အောက်တိုဘာ ၂ ရက်နေ့က ထောင်ဒဏ် ၄ နှစ်ချလိုက်တယ်လို့ ပြည်ထဲရေး အသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
” အခု ပြစ်ဒဏ်ချခံလိုက်ရတဲ့ ရဲမှူးချုပ် အောင်ဌေးမြင့် ဆိုသူဟာ အရင်က စစ်တပ်မှာ တာဝန်ထမ်းဆောင်တယ် ၊ အဲ့ဒီနောက် ရဲဘက်ကို အသွင်ကူးပြောင်းလာတယ် ၊ ပြဿနာဖြစ်ရတဲ့ အကြောင်းအရင်းက သူ့ဖခင်ဖြစ်သူဟာ ဘာသာခြားလို့သိရတယ် ၊ အဲ့ဒီအရာကို ကိုယ်းကွယ်ယုံကြည်မှုဆိုင်ရာ မှတ်တမ်းရေးသွင်းဖို့ ပျက်ကွက်တာနဲ့ သူနဲ့ သူ့မိန်းမ တရားဝင်ကွာရှင်းပြတ်စဲထားတာကို မှတ်တမ်းရေးသွင်းဖို့ ပျက်ကွက်တာကြောင့် ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေအရ ထောင် ၄ နှစ်ချလိုက်တာ ဖြစ်တယ် ” လို့ ရဲအသိုင်းအဝိုင်းနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
ရဲအငြိမ်းစား ဥပဒေ ပညာရှင် တယောက်က
” ရဲမှူးချုပ် အောင်ဌေးမြင့် ဆိုသူဟာ တပ်မတော်အရာရှိကနေ ရဲဘက်ကူးပြောင်းလာတဲ့ သူဖြစ်တယ်ဆိုတော့ သူ့ရဲ့ ကိုယ်ရေးအချက်အလက် ဖိုင်မှာ ရေးသွင်းရန် ပျက်ကွက်မှုရှိတယ် ဆိုတာ ဘာကြောင့် အခုမှ သက်ဆိုင်ရာက သိရတာလဲဆိုတဲ့အချက်က စဥ်းစားစရာ၊ နောက်ပြီး ​ကိုယ်ရေးမှတ်တမ်းဖိုင်ဆိုတာ ဌာနက သိမ်းဆည်းထားတဲ့အရာဖြစ်တယ် ၊ ဒီအဆင့် ၊ ဒီရာထူး ရောက်မှ အရေးယူတယ်ဆိုတော့ အရေးယူခံရသူအတွက်လည်း နစ်နာသလို ၊ ဌာနအတွက်လည်း ဆုံးရှုံးတယ် ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ NLD အစိုးရလက်ထက်ကလည်း ရခိုင်ပြည်နယ် ၊ ကျီးကန်ပြင် တိုက်ပွဲ ကိစ္စနဲ့ ပတ်သက်ပြီး ရဲမှူးချုပ် မောင်မောင်ခိုင် အရေးယူခံရတာရှိတယ်လို့ သိရပါတယ်။
အဲ့ဒီ အပြင် မီးရထားရဲတပ်ဖွဲ့မှူး ရဲချုပ် မိုးသန်းအောင် နဲ့ ကမ္ဘာလှည့်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး နေထွန်း စတဲ့ အကြီးတန်း ရဲအရာရှိကြီးတွေကို ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေအရ ထောင်ဒဏ်တွေ ချမှတ်ခဲ့တာတွေရှိတယ်လို့ ရဲအသိုင်းအဝိုင်းဆီက သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW