မန္တလေး စျေးချို လမ်းရှင်းရာက စည်ပင်ဝန်ထမ်း ဓားထိုးခံရ

မန္တလေး ၊အောက်တိုဘာ ၂၀-၂၀၂၃
Voice Of Myanmar

 

မန္တလေးမြို့ စျေချိုတောင်ဘက် မန်းမြန်မာပလာဇာအနီး ၈၆ လမ်းနဲ့ ၂၈ လမ်းထောင့်နားမှာ စည်ပင်ဝန်ထမ်းတဦး ဓားနဲ့ထိုးခံရကြောင်း အခင်းဖြစ်ရာ အနီးရှီနေသူတွေ အပြောအရသိရပါတယ်။

 

အောက်တိုဘာ ၁၆ ရက် မနက်က စျေးချိုတော်စည်ပင်သာယာရေးဝန်ထမ်းတွေ ရှင်းလင်းရေးဆောင်ရွက်နေတုန်း ဝန်ထမ်းတွေနဲ့ ပျံကျ သုံးဘီးဘေးတွဲသမားတချို့နဲ့ ရုန်းရင်းဆန်ခတ်မှုဖြစ်ခဲ့တယ်လို့သိရပါတယ်။ အဲဒီဖြစ်စဉ်မှာ စည်ပင်ဝန်ထမ်းအထိနာသလို ဆိုင်ကယ်ဘေးတွဲသမားကို စည်ပင်ရဲတွေက ဖမ်းဆီးရိုက်နှက်လို့ သေဆုံးသွားတယ်လို့ အွန်လိုင်းသတင်းဌာနတခုက ထုတ်လွှင့်တာတွေ့ ရပါတယ်။

 

အခင်းဖြစ်ရာအနီးရှိနေတဲ့ ဆိုင်ရှင်တယောက်ပြောပြတာက
“ စည်ပင်ဝန်ထမ်း သုံးယောက်လောက်နဲ့ ပျံကျကောင်လေး ရန်ဖြစ်တာတော့မြင်တယ်။ ဘယ်ကစဖြစ်မှန်းမသိလိုက်ဘူး ၊ ဝန်ထမ်းကောင်လေး ခံရတော့ ကျန်တဲ့ဝန်ထမ်းနှစ်ယောက်ကဝိုင်းဖမ်းသွားပြီး ရုံးခေါ်သွားတာ ၊ ဖမ်းခံရတဲ့ကောင်လေး ဒဏ်ရာရတာတော့မတွေ့ဘူး စည်ပင်ဝန်ထမ်းတော့ ခံလိုက်ရလို့ ကားနဲ့တင်သွားတာတွေ့တယ်။” လို့ မြင်လိုက်ရသလောက်ကို ပြောပြပါတယ်။

 

အွန်လိုင်းရုပ်သံသတင်းတခုမှာတော့ စည်ပင်စျေးရုံးမှာ ပျံကျကောင်လေးကို ရိုက်နှက်စစ်ဆေးလို့ သေဆုံးသွားတယ်လို့ ပြောထားတာကြောင့် သက်ဆိုင်ရာ စျေးစည်ပင်အရာရှိကို VOM ကဆက်သွယ်မေးကြည့်တော့
“ ပေါက်ပေါက်ရှာရှာဗျာ ကျနော်တို့ဝန်ထမ်းခံရတာပါ ။ တရားခံ နေမင်းဦးကို အမှတ် ၆ စခန်းမှာ အမှုဖွင့်ထားပါတယ်။ အသက်၁၈နှစ်မပြည့်သေးလို့ လူငယ်ထိမ်းသိမ်းရေးစခန်းမှာ ထိမ်းသိမ်းထားတာပါ။ ပုဒ်မကတော့ ၃၃၂ နဲ့ ၃၂၆ ပါ” လို့ဆိုပါတယ်။

 

အောက်တိုဘာ ၁၆ ရက်က ဦးနိုင်ဝင်းကိုဆိုတဲ့ စည်ပင်ဝန်ထမ်းနဲ့ တခြားဝန်ထမ်းတွေက စျေးလမ်းပိတ်ဆို့တာမရှိဖို့ ရှင်းတဲ့အချိန် သုံဘီးဘေးတွဲ ၂စီးရပ်ထားတာတွေ့လို့ မေးမြန်းပေမယ့် ပိုင်ရှင်မရှိလို့ စျေးစည်ပင်ရုံးကိုမောင်းယူသိမ်းခဲ့တယ်လို့ဆိုပါတယ်။

 

အဲဒီနောက် နောက်တကြိမ်ပြန်အလာမှာ သံုးဘီးဘေးတွဲပိုင်ရှင် နေမင်းဦးက စည်ပင်ဝန်ထမ်း ဦးနိုင်ဝင်းကိုကို ဓါးနဲ့ဝင်ထိုးလို့ နောက်ကျော ဝဲဘက်လက်ပြင်၊ ဝဲဘက်လည်ပင်းနဲ့ ပုခုံးနဲ့ လက်တွေမှာ ဒဏ်ရာရခဲ့တာကြောင့် မန္တလေးဆေးရုံကြီးမှာ ကုသခဲ့ရတယ်လို့ စျေးနဲ့ဆိုင်တဲ့ အရာရှိကပြောပါတယ်။

 

စည်ပင်ဝန်ထမ်းကို ဓါးနဲ့ထိုးတဲ့ နေမင်းဦးကတော့ ဘာဒဏ်ရာမှမရှိကြောင်း သူ့မိဘတွေကလာရောက်တောင်းပန်ကြောင်း ပြောပါတယ်။
လတ်တလော အခြေအနေမှာ စည်ပင်ဝန်ထမ်းကိုဓါးနဲ့ထိုးတဲ့ နေမင်းဦးကို ပုဒ်မ ၃၃၂ ပြည်သူ့ဝန်ထမ်းအား ဝတ္တရားဆောင်ရွက်ချိန် ဟန့်တားရန် မိမိအလိုအလျောက် နာကျင်စေမှု၊ ပုဒ်မ ၃၂၆ ဘေးဖြစ်စေတတ်သောလက်နက်ဖြင့် အပြင်းအထန်နာကျင်စေမှုနဲ့ အမှုဖွင့် အရေးယူထားတယ်လို့သိရပါတယ်။

 

ပုဒ်မ ၃၃၂ မြောက်ရင် ထောင်ဒဏ်၃နှစ်ထိကျခံရနိုင်သလို ပုဒ်မ ၃၂၆မြောက်ရင် ထောင်ဒဏ် ၁၀ နှစ်ကနေ တသက်တကျွန်းချမှတ်နိုင်ပြီး ငွေဒဏ်တွေလည်းချမှတ်နိုင်တယ်လို့ လေ့လာသိရှိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW