ငါန်းဇွန်မှာ မြို့နယ်ဦးစီးမှူး နှစ်ယောက်နဲ့ ဒေသတွင်း လက်နက်ကိုင် အဖွဲ့က နှစ်ယောက် ပစ်သတ်ခံရ

 

အောက်တိုဘာ ၊ ၂၅ ၊ ၂၀၂၃

SP(VOM)

 

မန္တလေးတိုင်း ၊ တံတားဦးခရိုင် ၊ ငါန်းဇွန်မြို့နယ်မှာ မနေ့ အောက်တိုဘာ ၂၄ ရက် ညနေပိုင်းက မြို့နယ်အဆင့် ဦးစီးအရာရှိ နှစ်ယောက်နဲ့ဒေသတွင်း လက်နက်ကိုင်အဖွဲ့က လူ နှစ်ယောက် စုစုပေါင်းလေးယောက် ပစ်သတ်ခံရတယ်လို့ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။

 

” မနေ့က ညနေ ၃ နာရီခွဲ ၄ နာရီဝန်းကျင်လောက်မှာ မြို့သာ – တံတားဦးကားလမ်း ၊ တူရွင်းဘို့ရွာနားမှာ အသက် ၅၄ နှစ်အရွယ် ငါန်းဇွန်မြို့နယ် ၊ လမ်းဦးစီးဌာနက ဦးစီးအရာရှိနဲ့ အသက် ၆၄ နှစ်အရွယ် စားသုံးသူရေးရာ ဦးစီးဌာနက ဦးစီးအရာရှိ(ငြိမ်း) တို့ နှစ်ယောက်ဟာမြင်းခြံခရိုင်ရုံးမှာ စာရွက်စာတမ်းတွေ စစ်ဆေးခံပြီးနောက် မြင်းခြံကနေ ငါန်းဇွန်ကို အိမ်းစီးကား (Crown)တစီးနဲ့ ပြန်အလာ လမ်းမှာ ပစ်သတ်ခံရတာဖြစ်တယ် ၊ ဘယ်အဖွဲ့က သတ်သွားတာလဲဆိုတာ အခုထိ မသိရသေးဘူး ၊ အဲ့ဒီ အလောင်းတွေနားမှာ M22 သေနတ်ကျည်ဆံခွံတွေ တွေ့ရတယ် ၊ အလောင်းတွေကတော့ မြင်းခြံ ပြည်သူ့ဆေးရုံကို မနေ့က ညနေ ၄ နာရီလောက်က ပို့ဆောင်ပေးထားတယ် ” လို့ဒေသခံ ပရဟိတသမား တယောက်က ပြောပါတယ်။

 

ဒါ့အပြင် မနေ့ အောက်တိုဘာ ၂၄ ရက် ၊ ည ၇ နာရီခွဲ ဝန်းကျင်ကလည်း ငါန်းဇွန်မြို့နယ် ၊ ကျွဲဇိမ်ကျေးရွာအုပ်စု ၊ ထန်းတပင်ကျေးရွာအနားမှာရှိတဲ့ ဦးသန်းထွန်းရဲ့ ယာတဲပေါ်မှာ ဒေသတွင်း လက်နက်ကိုင်အဖွဲ့က လူ နှစ်ယောက် နဲ့ နယ်မြေရှင်းလင်းရေး အဖွဲ့တွေနဲ့အပြန်အလှန် ပစ်ခတ်ကြပြီး ဒေသတွင်း လက်နက်ကိုင် အဖွဲ့က လူ နှစ်ယောက် ပစ်သတ်ခံရတယ်လို့ သိရပါတယ်။

 

အဲ့ဒီ ဖြစ်စဥ်တွေနဲ့ ပတ်သက်လို့ မန္တလေးတိုင်း လုံခြုံရေး အဖွဲ့တဲ့ နီးစပ်သူတယောက်က ” ညနေ ၃ ခွဲလောက်မှာ ငါန်းဇွန်က မြို့နယ်ဦးစီးအရာရှိ နှစ်ယောက် တယောက်က လက်ရှိဝန်ထမ်း ၊ ကျန်တယောက်က အငြိမ်းစား ၊ အဲ့ဒီ နှစ်ယောက် ပစ်သတ်ခံရတယ် ၊ သူတို့ဖြစ်စဥ်ကမြင်းခြံနယ်ထဲမှာ ဖြစ်တယ် ၊ ည ၇ ခွဲလောက်ကျတော့ ငါးဇွန်နယ်ထဲမှာ လက်နက်ကိုင် နှစ်ယောက် အသေဖမ်းမိတယ် ၊ အဲ့ဒီ လူ နှစ်ယောက်ဆီက Redmi ဖုန်း တလုံး၊ Samaung ဖုန်း တလုံး၊ Oppo ဖုန်း တ လုံး၊ ၉၁ လက်ပစ်ဗုံး (ပုံစံတူ) တ လုံး၊ တရုတ်ကြိုးဆွဲလက်ပစ်ဗုံး တ လုံး၊ ၉-မမကျည် THAI ARMS ငါး တောင့်၊ ၉-မမကျည် USA LUGER ခြောက်တောင့် သိမ်းဆည်းရမိတယ် ” လို့ ပြောပါတယ်။

 

အဲ့ဒါကြောင့် မနေ့ အောက်တိုဘာ ၂၄ ရက်က ငါးဇွန်မြို့မှာ လူ လေးယောက် ပစ်သတ်ခံရတာဖြစ်တယ်လို့ သိရပါတယ်။

 

အခုရက်ပိုင်းအတွင်း ကရင်ပြည်နယ် မြဝတီမြို့မှာ ဆေးရုံဝန်ထမ်းတဦး ၊ ကော့ကရိတ်မြို့နယ်မှာ ထွေ/ အုပ် စာရေး တဦး ၊ ရေးမြို့မှာ ငါးလုပ်ငန်း ဦးစီးအရာရှိတဦး ၊ မြင်းခြံခရိုင်မှာ အငြိမ်းစား မူအုပ် ကျောင်းဆရာတဦး အပါအဝင် အရပ်ဘက် ဝန်ထမ်း ၇ ဦးထက်မနည်း ပစ်သတ်ခံရတယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။

 

#voiceofmyanmar #VOM #ငါန်းဇွန် #မြင်းခြံ #ဝန်ထမ်း၂ယောက်သတ်လံရ #ဒေသတွင်းလက်နက်ကိုင်

 

Related posts

Leave a Comment

VOM News

FREE
VIEW