“ဟမွန်း” မုန်တိုင်းအရှိန်ကြောင့် ရုတ်တရက်ရေကြီးခြင်း၊ မြေပြိုခြင်းတို့ ဖြစ်ပေါ်နိုင်

 

အောက်တိုဘာ ၂၄ – ၂၀၂၃

SN (VOM)

 

အားအလွန်ကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း “ဟမွန်း” ရဲ့ အရှိန်ကြောင့် ချင်းနဲ့ ရခိုင်အပါအဝင် ဒေသအချို့မှာ ရုတ်တရက်ရေကြီးခြင်း၊မြေပြိုခြင်းတို့ ဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောပါတယ်။

 

“ဟမွန်း” (HAMOON) ရဲ့ အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက် ရေကြီးခြင်းနဲ့အတူ မြေပြိုခြင်းတွေ ဖြစ်ပေါ်နိုင်တဲ့အတွက် ချင်းပြည်နယ်လို ကုန်းမြင့်ဒေသအနီး နေထိုင်ကြသူတွေအနေနဲ့ မြေပြိုမှုအန္တရာယ်ကိုလည်းကောင်း၊ ရခိုင်ကမ်းရိုးတန်းတလျှောက်နဲ့ မြစ်ငယ်၊ ချောင်းငယ်တွေအနီး နေထိုင်ကြသူတွေအနေနဲ့ ရေကြီး၊ ရေလျှံမှုတွေကိုလည်းကောင်း ကြိုတင် သတိပြုကြစေလိုတယ်လို့ ဦးလှထွန်းက ပြောပါတယ်။

 

“မုန်တိုင်းဖြတ်မယ့်နေရာက ကမ်းရိုးတန်းမြောက်ပိုင်းနဲ့ နီးတယ်။ သူ့ရဲ့ အကြွင်းအကျန် တိမ်တိုက်တွေက မြန်မာနိုင်ငံဘက်ကိုရောက်လာရင် ချင်းတို့၊ ရခိုင်မြောက်ပိုင်းတို့မှာ မိုးသည်းထန်စွာ ရွာသွန်းတာတွေရှိမယ်။ မိုးရွာသွန်းမှုကလည်း နည်းနည်းများနိုင်တော့ မိုးကြီးရေလျှံတာတွေ၊ မိုးများလို့မြေပြိုတာတွေ၊ မြစ်ငယ်၊ ချောင်းငယ်တွေမှာ လျှပ်တပြက်ရေကြီးတာတွေကိုတော့ သတိပြုဖို့လိုမယ်” လို့သူက ပြောပါတယ်။

 

လက်ရှိမှာ မုန်တိုင်းဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်းကမ်းခြေကို စစ်တကောင်းနဲ့ ခီပူပါရာမြို့ကြားကနေ ဖြတ်ကျော်ဝင်ရောက်မှာ ဖြစ်တဲ့အတွက် မုန်တိုင်းရဲ့အဝန်းအဝိုင်းမှာ ရခိုင်ကမ်းရိုးတန်း မြောက်ပိုင်းနားကို ရောက်ရှိနိုင်တာကြောင့် မုန်တိုင်းအဆင့်သတ်မှတ်ချက်ကိုအဝါရောင်အဆင့်ကနေ လိမ္မော်ရောင်အဆင့် ပြောင်းလဲ သတ်မှတ်ထားတယ်လို့ သိရပါတယ်။

 

“လိမ္မော်ရောင်အဆင့် ဆိုတာက သတိထားရမယ့်အဆင့်ပေါ့။ မုန်တိုင်းက မြန်မာ့ကမ်းခြေကိုတော့ တိုက်ရိုက် ဖြတ်မှာမဟုတ်ဘူး။ စစ်တကောင်း၊ ဘင်္ဂလားဒေ့ရှ်ကမ်းခြေကိုဖြတ်မှာ။ သို့သော် မုန်တိုင်းရဲ့ အဝန်းအဝိုင်းအရှိန်က ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်း၊ မောင်တောတို့ဘာတို့ပေါ့၊ အဲ့နေရာလေးတွေ အရှိန်သက်ရောက်မှု ရှိနိုင်တဲ့အတွက် လိမ္မော်ရောင်အဆင့်အနေနဲ့ ပြောင်းပြီး သတ်မှတ်ထားတာပါ” လို့ ဦးလှထွန်းက ပြောပါတယ်။

 

အဲ့ဒီ့မုန်တိုင်းဟာ လက်ရှိမှာ သံတွဲမြို့ရဲ့ အနောက်မြောက်ဘက် ရေမိုင် ၃၄၀ ခန့်၊ စစ်တွေမြို့ အနောက်တောင်ဘက် ရေမိုင် ၂၆၀ ခန့်၊ မောင်တောမြို့ အနောက်တောင်ဘက် ရေမိုင် ၂၄၀ မိုင်ခန့် အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေတယ်လို့ သိရပါတယ်။

 

မုန်တိုင်းအရှိန်ကြောင့် ဒီနေ့ အောက်တိုဘာ ၂၄ ရက်မှစပြီး အောက်တိုဘာ ၂၅ ရက်အထိ ရခိုင်ကမ်းရိုးတန်းတလျှောက် နေရာအနှံ့ မိုးထစ်ချုန်းရွာခြင်း၊ မိုးကြီးခြင်းတွေ ဖြစ်ပေါ်နိုင်တယ်လို့ သိရပါတယ်။

 

အားအလွန်ကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း “ဟမွန်း”(HAMOON)ရဲ့ အရှိန်ကြောင့် ဒီနေ့ အောက်တိုဘာ ၂၄ ရက်နေ့၊ မွန်းလွဲမှအောက်တိုဘာ ၂၆ ရက်နေ့အတွင်း စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်းနဲ့ တောင်ပိုင်း)၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာအနှံ့အပြားနဲ့ နေပြည်တော်နဲ့ ရှမ်းပြည်နယ် (အရှေ့ပိုင်း)တို့မှာ နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာပြီး စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ ဒေသအလိုက်နဲ့ နေရာကွက်ပြီးမိုးကြီးနိုင်တယ်လို့ သိရပါတယ်။

 

ရခိုင်ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာတော့ ရံဖန်ရံခါ မိုးသက်လေပြင်း ကျရောက်ပြီး လှိုင်းကြီးနိုင်ကာ မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင်လေဟာ တနာရီကို မိုင် (၄၀) မှ (၄၅) မိုင်အထိ တိုက်ခတ်နိုင်ပြီး ရခိုင်ကမ်းရိုးတန်းလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ လှိုင်းအမြင့် (၉) ပေမှ (၁၂) ပေခန့် ရှိနိုင်တယ်လို့ သိရပါတယ်။

 

ဒါ့ကြောင့် ရခိုင်ကမ်းရိုးတန်းတလျှောက် မြစ်ငယ်၊ ချောင်းငယ်တွေအနီး နေထိုင်ကြသူတွေအနေနဲ့ ရေကြီးရေလျှံမှု အန္တရာယ်တွေကိုသတိပြုဖို့လိုအပ်သလို ပြည်တွင်းလေကြောင်းပျံသန်းရေးနဲ့ ကမ်းဝေးငါးဖမ်းရေယာဉ်တွေ၊ သင်္ဘောများအနေနဲ့လည်း ကြိုတင် သတိပြုကြစေလိုတယ်လို့ မိုး/ဇလဌာနက သတိပေး နှိုးဆော်ထားပါတယ်။

 

#voiceofmyanmar #VOM #ဟမွန်း

Telegram Link: https://t.me/VOMNEWS2023/3160

 

Related posts

Leave a Comment

VOM News

FREE
VIEW