တဲလ်အဗစ်၊ အောက်တိုဘာ-၂၆-၂၀၂၃
မျိုးဆက်(VOM)
အစ္စရေးတပ်တွေဟာ ဂါဇာမြောက်ပိုင်းကို တင့်ကားတွေနဲ့ဝင်ရောက်ပြီး ဟားမတ်စ်တွေရဲ့ ပစ်မှတ်တွေကို တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ထုတ်ပြန်ပါတယ်။
နောက်ထပ်တိုက်ပွဲအဆင့်တွေအတွက် ကြိုတင်ပြင်ဆင်မှုအဖြစ် အခုလိုတိုက်ခိုက်ခဲ့တာဖြစ်ကြောင်း အစ္စရေးစစ်တပ်က ဆိုပါတယ်။ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကလည်း ဂါဇာကို များမကြာခင် ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေတယ်လို့ ပြောပါတယ်။
ဒီအတောအတွင်း ဂါဇာမှာ လောင်စာဆီ ပြတ်လပ်မှုကြောင့် ဆေးရုံအချို့ကလွဲပြီး ကျန်တဲ့ အရေးပေါ်ဝန်ဆောင်မှုတွေ ရပ်တန့်လို့နေပါတယ်။ အစ္စရေးဟာ ဂါဇာကိုပို့မယ့် လောင်စာဆီလမ်းကြောင်းတွေကို ပိတ်ဆို့ထားပြီး ဟားမတ်စ်တွေဟာ လောင်စာဆီတွေကို သိုလှောင်နေကြတယ်လို့ စွပ်စွဲထားပါတယ်။
ဂါဇာရှိ လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့တွေမှာလည်း အလားတူလောင်စာဆီပြတ်လပ်မှုတွေကြုံနေရပြီး လာမယ့်နာရီပိုင်းအတွင်း လုပ်ငန်းတွေရပ်ဆိုင်းရနိုင်ကြောင်း ကုလသမဂ္ဂက သတိပေးထားပါတယ်။
ဂါဇာဒေသမှာ အောက်တိုဘာ ၇ ရက်နောက်ပိုင်း အစ္စရေးရဲ့တိုက်ခိုက်မှုကြောင့် လူ ၆၅၀၀ နီးပါးသေဆုံးခဲ့ကြောင်း ဂါဇာကျန်းမာရေးတာဝန်ရှိသူတွေက ပြောပါတယ်။ ဟားမတ်စ်တို့ရဲ့ ကနဦးတိုက်ခိုက်မှုအတွင်း အစ္စရေးမှာ လူ ၁၄၀၀ ကျော်သေဆုံးပြီး လူ ၂၀၀ ကျော် ဓါးစာခံအဖြစ် ဖမ်းဆီးခံခဲ့ရပါတယ်။
Ref:BBC
Photo:X