မကွေးတိုင်းမှာ ဒီရက်ပိုင်းအတွင်း နေအိမ်တရာကျော် မီးရှို့ခံရလို့ မီးဘေးဒုက္ခသည်တွေ အခက်ခဲဖြစ်

 

အောက်တိုဘာ ၊ ၂၆ ၊ ၂၀၂၃

SP ( VOM)

မကွေးတိုင်း ၊ ပခုက္ကူခရိုင်ထဲ ရေစကြိုနဲ့ ပေါက်မြို့တွေမှာ ဒီရက်ပိုင်းအတွင်း လူနေအိမ် တရာကျော် မီးရှို့ခံရပြီး အဝတ်အထည်တွေ အရေးတကြီး လိုအပ်နေတယ်လို့ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။

ရေစကြိုမြို့နယ်မှာ နေတဲ့ နေအိမ် မီးရှို့ခံရသူ တယောက်က ” အခုလ ၁၇ ရက်က ရေလယ်ကျွန်း ဒေသဘက်ကို စစ်ကြောင်းထိုး ဝင်ရောက်လာတာ ငါးရက်ကြားတယ်၊ အဲ့ဒီ အချိန်မှာ ရေလယ်ကျွန်း ဒေသတခုလုံး ထွက်ပြေးတိမ်းရှောင်နေရတယ် ၊ ကူနီရွာမှာ နေအိမ် ခုနှစ်လုံး ၊ ကျွန်းကလေးရွာမှာ နှစ်လုံး ၊ လှေခုတ်ရွာမှာ လေးလုံး ၊ ကျွန်းညိုရွာမှာ သုံးလုံး ၊ နွယ်နီရွာမှာ နှစ်လုံး ၊ နံဘေးရွာမှာ သုံးလုံး ၊ မြောက်ရွာမှာ ၁၃ လုံး ၊ နေအိမ် ၃၄ လုံး မီးရှို့ဖျက်စီးခံရတယ် ၊ နောက်ပြီး အဲ့ဒီ မီးလောင်ပြင်မှာ လူ ၂ ယောက်လည်း အသတ်ခံရတယ် ၊ သေဆုံးသူတွေကတော့ ၊ နွယ်နီရွာက ဒေါ်သီသီမာ ၅၁ နှစ် နဲ့ ကိုသိန်းဝင်း တို့ဖြစ်တယ် ၊ အခု မီးရှို့ခံရတဲ့ ရွာတွေက ပြီးခဲ့တဲ့ ၂၀၂၁ ကစလို့ မကြာခဏ မီးရှို့ခံနေရတဲ့ ရွာတွေဖြစ်တယ် ၊ အခုဆိုရင် မီးရှို့ခံရတာ သုံးလေးကြိမ်ရှိနေပြီ ၊ ဘာကြောင့် ရှို့ခံရတာလည်း ဆိုရင် ဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေနဲ့ ပတ်သက်ဆက်နွယ်တယ်လို့ စွပ်စွဲပြီး ရှို့ခံရတာလည်း ရှိတယ် ၊ အဲ့ဒီလို ရှို့ရင်းကနေ တခြားအိမ်တွေ ကူးစက်လောင်ခံရတာလည်း ရှိတယ် ၊ ဒေသတွင်း လက်နက်ကိုင်အဖွဲ့ဘက်က ရှို့တာလည်းရှိတယ် ၊ စစ်ကြောင်းဘက်က ရှို့တာလည်းရှိတယ် ၊ နှစ်ဘက်စလုံးက သူတို့နဲ့ ခံယူချက်မတူရင် ရှို့ကြတယ် ” လို့ ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ အောက်တိုဘာ ၂၃ ရက် ၊ ညနေပိုင်းက ပခုက္ကူခရိုင် ၊ ပေါက်မြို့နယ် ၊ ဒီးတုတ်ကွင်းကျေးရွာမှာလည်း တိုက်ပွဲတွေဖြစ်ပွားပြီး ရွာက လူနေအိမ် ၆၁ လုံး မီးရှို့ဖျက်စီးခံရတယ်လို့ သိရပါတယ်။

မီးရှို့ခံရတဲ့ ဒီးတုတ်ကွင်း ရွာခံတယောက်က ” ပစ်ခတ်တာတွေဖြစ်ပြီး တရွာလုံး ထွက်ပြေးတိမ်းရှောင်နေရတယ် ၊ အသက်လုပြီး ဘေးလွတ်ရာကို ပြေးရတယ်ဆိုတော့ အဝတ်တထည် ၊ ကိုယ်တခုပဲ ဖြစ်တယ် ၊ တခြား ဘာပစ္စည်းမှ မသယ်ယူနိုင်ဘူး။ ရွာမှာကျန်ခဲ့တဲ့ ပစ္စည်းအားလုံး မီးလောင်ပျက်စီးတယ် ၊ အခုဆိုရင် ဆောင်းဝင်စပြုလာပြီဖြစ်တယ် ၊ ခါးဝတ်ခါးစား အဝတ်ကလွဲပြီး ဘာမှ ဝတ်စရာ ၊ ခြုံစရာစောင်တွေ မရှိတော့ဘူး ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ နိုင်ငံရေး ပြောင်းလဲမှုဖြစ်စဥ်တွေ ပေါ်ပေါက်ပြီး နောက်ပိုင်း တိုင်းဒေသကြီးတွေမှာ ရွာလုံးကျွတ် မီးရှို့ဖျက်စီး ခံရတာဟာ ပခုက္ကူခရိုင် ၊ ပေါက်မြို့နယ် ၊ ကင်းမကျေးရွာဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီ ပေါက်မြို့နယ်နဲ့ ရေစကြိုမြို့နယ်ဟာ ပြီးခဲ့တဲ့ ၂ နှစ်ကျော်ကာလအတွင်း ကျေးရွာပေါင်း ၇၀ ကျော် ၊ လူနေအိမ်ပေါင်း ၂၀၀ဝ ကျော် မီးရှို့ဖျက်စီးခံရတယ်လို့ ဒေသခံတွေရဲ့ မှတ်တမ်းအရ သိရပါတယ်။

၂၀၂၁ နိုင်ငံရေး ပြောင်းလဲမှုတွေ ဖြစ်ပေါ်ပြီးနောက်ပိုင်း နိုင်ငံနဲ့အဝှမ်းမှာ လူနေအိမ် ၁ သိန်းနီးပါး မီးရှို့ဖျက်စီးခံရတယ်လို့ ISP Myanmar က ဖော်ပြထားပါသေးတယ်။

 

Related posts

Leave a Comment

VOM News

FREE
VIEW