တိုက်ပွဲတွေကြောင့် လားရှိုးလေဆိပ် ယာယီပိတ်ပြီး ခရီးစဉ်တွေရပ်ဆိုင်း

 

 

အောက်တိုဘာ ၂၇ – ၂၀၂၃

SN (VOM)

 

ရှမ်းပြည်နယ် မြောက်ပိုင်းအတွင်း ပြင်းထန်စွာဖြစ်ပွားနေတဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် လားရှိုးမြို့ လေယာဥ်ကွင်းကို တာဝန်ရှိသူတွေက ဒီကနေ့ အောက်တိုဘာ ၂၇ ရက်၊ မနက် ၉ နာရီမှာ ယာယီပိတ်ခဲ့ပြီး ခရီးစဥ်အားလုံး ရပ်ဆိုင်းလိုက်တယ်လို့ သိရပါတယ်။

 

လားရှိုးလေဆိပ်ဟာ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ဘေးကပ်ရပ်မှာတည်ရှိပြီး တိုက်ပွဲတွေကြောင့် လေဆိပ်တာဝန်ရှိသူတွေက လားရှိုးလေဆိပ် လေယာဉ် အဆင်း/အတက်တွေကိုပိတ်ပြီး ပြည်တွင်းက လေကြောင်းခရီးစဉ်တွေ အားလုံးကို ဆိုင်းငံ့ထားကာ လေဆိပ် ပြန်လည်ဖွင့်လှစ်မယ့်ရက်ကိုလည်း အတိအကျ ကြေညာထားခြင်းမရှိဘူးလို့ သိရပါတယ်။

 

ဒါနဲ့ ပတ်သက်လို့ ပြည်တွင်းလေကြောင်းလိုင်းတခုမှ တာဝန်ရှိသူတဦးက “ဒီနေ့က လားရှိုးကွင်းပိတ်တာပါ။ လေယာဉ်တွေကို လားရှိုးဘက်ကို ဆင်းခွင့်မပြုတာပါ။ ကျွန်မတို့ Air Line မှ မဟုတ်ဘူး၊ ဘယ် Air Line မှ လားရှိုးဘက်ကို ဆင်းခွင့်မပြုထားပါဘူး။ ဒီနေ့နဲ့ မနက်ဖြန်အတွက်ကို လားရှိုးဘက်ကို ကျွန်မတို့ Flight တွေ ဖျက်သိမ်းထားပါတယ်” လို့ ပြောပါတယ်။

 

ဒီကနေ့ အောက်တိုဘာ ၂၇ ရက်၊ မနက် ၄ နာရီဝန်းကျင်ကစလို့ အ‌ရှေ့‌မြောက်တိုင်း စစ်ဌာနချုပ်အခြေစိုက်ရာ လားရှိုးမြို့အပြင်မှာ မြောက်ပိုင်းမဟာမိတ်တပ်တွေနဲ့ နစကတပ်အကြား တိုက်ပွဲတွေ ဖြစ်ပွားလျက်ရှိတယ်လို့ သိရပါတယ်။

 

#voiceofmyanmar #VOM #လာရှိုးလေဆိပ် #ခရီးသည်တင်လေကြောင်းပိတ်

 

Telegram Link: https://t.me/VOMNEWS2023/3202

 

Related posts

Leave a Comment

VOM News

FREE
VIEW