ရန်ကုန် တိုက်ခန်းနဲ့ ကွန်ဒိုတွေ စျေးမကျဘဲ အရောင်းအဝယ်အေး

 

အောက်တိုဘာ ၂၉ – ၂၀၂၃

SN (VOM)

လက်ရှိ ရန်ကုန် အိမ်ခြံမြေဈေးကွက်အတွင်း တိုက်ခန်းနဲ့ ကွန်ဒို ဈေးနှုန်းတွေ ကျဆင်းခြင်းမရှိဘဲ အတက်စျေးမှာငြိမ်နေပြီး အရောင်းအဝယ် အေးနေတယ်လို့ အိမ်ခြံမြေ အကျိုးဆောင်တွေဆီက သိရပါတယ်။

လက်ရှိမှာ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းတွေ၊ ကုန်ကြမ်းဈေးနှုန်းတွေနဲ့ ဆောက်လုပ်ရေးအတွက် ပြုပြင်စရိတ်တွေ ဈေးအဆမတန် မြင့်တက်နေတာကြောင့် တိုက်ခန်း၊ ကွန်ဒိုဈေးနှုန်းတွေဟာ အရင်နှစ်တွေကထက် ဈေးပိုမို မြင့်တက်နေတာဖြစ်တယ်လို့ သိရပါတယ်။

“အခုက ဈေးကွက်က ဘယ်လိုဖြစ်နေလဲဆိုတော့ ဘိလပ်မြေဈေး၊ သံဈေးတွေ အဆမတန်မြင့်တက်နေသလို တခြားတခြားသော ကုန်ကျစရိတ်တွေလည်း ရှိနေတဲ့အတွက် လတ်တလော တည်ဆောက်ပြီးသား တိုက်ခန်းတွေ၊ ကွန်ဒိုတွေကတော့ ဈေးလျှော့ပြီး ရောင်းလို့မရတဲ့ အခြေအနေပေါ့။ တိုက်ခန်းဈေးက အနည်းဆုံး ကျပ် သိန်း ၆၀၀ ဝန်းကျင်ရှိတယ်။ ကွန်ဒိုဈေးကလည်း အနည်းဆုံး ကျပ် သိန်း ၅၀၀ ကနေ အများဆုံး ကျပ် သိန်းတသောင်းဝန်းကျင်ဈေး ရှိတယ်။ ဒါပေမယ့် အရောင်းအဝယ်ကတော့ လက်ရှိမှာ ဈေးကွက်အေးနေတဲ့ အနေအထားပါ” လို့ မြောက်ဒဂုံမြို့နယ်က ဝါရင့်အိမ်ခြံမြေ အကျိုးဆောင်တဦးက ပြောပါတယ်။

လက်ရှိမှာ ပြည်ပမှ ဝယ်ယူတင်သွင်းနေရတဲ့ သံချောင်း၊ ဘိလပ်မြေ စတဲ့ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းတွေအပြင် ပြည်တွင်းမှာ ထုတ်လုပ်နေတဲ့ အုတ်၊ သဲ၊ ကျောက် စတာတွေဟာလည်း ဈေးနှုန်း နှစ်ဆခန့် မြင့်တက်နေတာကြောင့် လက်ရှိ ဆောက်လုပ်ထားတဲ့ တိုက်ခန်းနဲ့ ကွန်ဒိုတွေကို အမြင့်ဈေးနဲ့ရောင်းချနိုင်မှသာ တွက်ခြေကိုက်နိုင်မယ့် အနေအထားမျိုးဖြစ်တယ်လို့ သိရပါတယ်။

ရန်ကုန်အိမ်ခြံမြေဈေးကွက်ဟာ ကိုဗစ်ကြောင့် ထိခိုက်မှုရှိခဲ့တဲ့အပြင် နိုင်ငံရေး အပြောင်းအလဲရဲ့ အကျိုးဆက်ကြောင့်လည်း လုပ်ငန်းတွေ ပုံမှန်လည်ပတ်နိုင်မှု မရှိတော့ဘဲ အရောင်းအဝယ်တွေ ကျဆင်းမှုရှိခဲ့တယ်လို့ သိရပါတယ်။

အခု ၂၀၂၃ ခုနှစ်၊ ဇူလိုင်လမှာ ကျပ် နှစ်သောင်းတန် ထုတ်ဝေမယ့် သတင်းကြောင့် အိမ်ခြံမြေဈေးကွက်အတွင်း အလှုပ်အခတ် များခဲ့ပေမယ့် ပြီးခဲ့တဲ့ စက်တင်ဘာလမှ စတင်ကာ အရောင်းအဝယ်တွေဟာ အမြင့်ဈေးမှာ ရပ်တန့်နေခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာ ပုဂ္ဂလိကဘဏ်တွေက အိမ်ရာချေးငွေ ဝန်ဆောင်မှုကို အပြိုင်အဆိုင်ပေးလာပေမယ့်လည်း အဝယ်က ထင်သလောက် ရှိမလာဘူးလို့ ရန်ကုန်အခြေစိုက် အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းရှင်တွေက ပြောပါတယ်။

Photi:Crd

 

Related posts

Leave a Comment

VOM News

FREE
VIEW