မြိုင်မြို့နယ်မှာ လူနေအိမ်ပေါ် လက်နက်ကြီးကျလို့ ၅ ဦးသေဆုံး

 

အောက်တိုဘာ ၊ ၃၀ ၊ ၂၀၂၃

SP ( VOM)

 

မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ မြိုင်မြို့နယ် ၊ နှောပင် ကျေးရွာအုပ်စု ကင်းရွာနဲ့ ကန်ရပ်ကြီး ကျေးရွာကြားမှာ မနေ့ အောက်တိုဘာ ၂၉ ရက်ကလူနေအိမ်တွေပေါ်ကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် ထိခိုက် သေဆုံးမှုတွေ ရှိတယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။

 

” မနေ့က နေ့လယ်ပိုင်း ၁ နာရီဝန်းကျင်မှာ ကင်းရွာနားမှာ လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲတယ် ၊ ဘယ်အဖွဲ့က ပစ်တယ်ဆိုတာအခုထိမသိရသေးဘူး ၊ အဲ့ဒီ လက်နက်ကြီးကျည် ပေါက်ကွဲလို့ ထိခိုက်သေဆုံးတာတွေရှိတယ် ၊ သေဆုံးသူတွေက ကင်းရွာမှာနေတဲ့ ဦးစိုးတင့်ဦး ၄၀ နှစ် ၊ ဒေါ်အေးဆင့် ၆၀ နှစ် ၊ ဦးစိုးတင့်ဦးရဲ့ သမီးဖြစ်သူ ၄ နှစ်အရွယ် ကလေးမလည်း လက်တဖက်ပြတ်သွားတယ် ၊ သူလည်း ဆုံးတယ်လို့ ကြားရတယ် ၊ နောက်ပြီး ကိုရင်လေး နှစ်ပါးလည်း ပျံလွန်တော်မူတယ်” လို့ ပရဟိတသမား တယောက်က ပြောပါတယ်။

 

အဲ့ဒီလက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် အိမ်မွေးတိရစ္ဆာန်ဖြစ်တဲ့ ဆိတ် လေးကောင်ပါ ထိခိုက်သေဆုံးသွားတယ်လို့ သိရပါတယ်။

 

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း စစ်ကိုင်းတိုင်း မုံရွာခရိုင် ၊ အရာတော်မြို့နယ် ၊ သလဲဘာကျေးရွာနားမှာ လက်နက်ကြီးကျရောက် ပေါက်ကွဲလို့ကျောင်းထိုင် ဆရာတော် ထိမှန် ပျံလွန်တော်မူခဲ့ပြီး ကိုရင်နှစ်ပါးနဲ့ ကျောင်းသားတယောက် ထိခိုက်ဒဏ်ရာ ရတယ်လို့ သိရပါတယ်။

 

ပြီးခဲ့တဲ့ နှစ် နှစ်ကျော်ကာလအတွင်း စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲမှာ လက်နက်ကြီးကျရောက် ပေါက်ကွဲလို့ သေဆုံးရသူပေါင်း လူ တရာကျော်ရှိတဲ့အနက် ရဟန်းသံဃာတွေ ၊ သက်ကြီးရွယ်အိုတွေလည်း ပါဝင်တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။

 

#voiceofmyanmar #VOM #မြိုင် #လက်နက်ကြီးကျ

Telegram Link: https://t.me/VOMNEWS2023/3247?single

 

Related posts

Leave a Comment

VOM News

FREE
VIEW