ဝါရှင်တန်၊ နိုဝင်ဘာ-၂-၂၀၂၃
မျိုးဆက်(VOM)
နျူကလီးယားလက်နက်ထိန်းချုပ်ရေးနဲ့ပတ်သက်ပြီး တရုတ်နဲ့အမေရိကန်တို့ဟာ လာမယ့်သီတင်းပတ်မှာ ဆွေးနွေးကြမှာဖြစ်ပြီး ဒါဟာ သမ္မတအိုဘားမားလက်ထက်ပြီးနောက် ပထမဆုံးအကြိမ်ဖြစ်တယ်လို့ ဝေါလ်စရိဂျာနယ်က ရေးသားဖော်ပြထားပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီဟာ မကြာသေးမီက ဝါရှင်တန်ကိုသွားရောက်ခဲ့ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင်နဲ့ နျူကလီးယားလက်နက် ထိန်းချုပ်ရေးနဲ့ မပြန့်ပွားရေးဆွေးနွေးပွဲတွေ ပြုလုပ်ဖို့အပြင် ရေကြောင်းဆိုင်ရာ အငြင်းပွားမှုတွေကို သီးခြားဆွေးနွေးခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
နျူကလီးယားလက်နက်ထိန်းချုပ်ရေး ဆွေးနွေးပွဲကို လာမယ့် တနင်္လာနေ့ နိုဝင်ဘာ ၆ ရက်မှာ ပြုလုပ်သွားမှာဖြစ်ပြီး အရေိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အကြီးတန်းအရာရှိ မယ်လိုရီစတိဝပ်နဲ့ တရုတ်နိုင်ငံဘက်ကတော့ နိုင်ငံခြားရေးဝန်ကြီးဌာန လက်နက်ထိန်းချုပ်ရေးဌာနအကြီးအကဲဆန်ရှီအိုဘိုတို့က ဦးဆောင်သွားမှာဖြစ်ပါတယ်။
ဒီဆွေးနွေးပွဲနဲ့ပတ်သက်ပြီး ဆွေးနွေးမယ့် အချိန်အသေးစိတ်နဲ့ ဆွေးနွေးမယ့်အခြေအနေတို့ကို ရိုက်တာရဲ့ မေးမြန်းမှုအပေါ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ဝါရှင်တန်ရှိ တရုတ်သံရုံးတို့က မှတ်ချက်ပြုပြောဆိုခြင်းမရှိသေးပါဘူး။
တရုတ်နိုင်ငံရဲ့ နျူကလီးယားလက်နက်ထုတ်လုပ်မှုတွေအပေါ် အမေရိကန်ရဲ့စိုးရိမ်ပူပန်မှုတွေကို ကိုးကားပြီး မဟာဗျူဟာတည်ငြိမ်ရေးဆိုင်ရာ ရှေ့ဆက်ဆွေးနွေးမှုတွေကို စတင်ဖို့ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်နဲ့ တရုတ်သမ္မတ ရှီကျင်းပင်တို့ ၂၀၂၁ ခုနှစ်ကတည်းက သဘောတူခဲ့ကြကြောင်း အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်က ထုတ်ဖော်ပြောဆိုထားပါတယ်။
Ref:Reuters
Photo:AFP