နိုဝင်ဘာ ၊ ၃ ၊ ၂၀၂၃
SP ( VOM)
လာမယ့် နိုဝင်ဘာ ၅ ရက်ကစလို့ သေဒဏ်နဲ့ တကျွန်း ပြစ်ဒဏ်ကျခံရသူတွေကို တလတကြိမ် မိသားစုက ထောင်ဝင်စာတွေ့ခွင့်ရတော့မယ်လို့ နိုင်ငံရေး အကျဉ်းသား အကူညီစောင့်ရှောက်ရေး အသိုင်းအဝိုင်းဆီက သိရပါတယ်။
” ပြီးခဲ့တဲ့ ၂၀၂၀ မတ် နောက်ဆုံးပတ်ထဲကနေ လူကိုယ်တိုင် ထောင်ဝင်စာ တွေ့ဆုံခွင့်ကို ကိုဗစ်ရောဂါ တုန့်ပြန်ကာကွယ်ရေး လုပ်ငန်းစဉ်တွေအရ ကန့်သတ်ထားတာဖြစ်တယ် ၊ အခုက ကိုဗစ်ရောဂါ ထိန်းချုပ်နိုင်တဲ့ အဆင့်ရောက်နေပြီ ဖြစ်တာကြောင့် လူကိုယ်တိုင် ထောင်ဝင်စာ တွေ့ဆုံခွင့် ကန့်သတ်ထားတာကို ရုတ်သိမ်းဖြေလျော့ပေးတာဖြစ်တယ် ၊ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၄ ရက်က စပြီး ထောင်ဝင်စာတွေ့ခွင့် ပြုထားပေးတယ် ၊ အခုဟာက လာမယ့်နိုင်ဝင်ဘာ ၅ ရက်ကစလို့ သေဒဏ်နဲ့ တကျွန်း ပြစ်ဒဏ်ကျ ၊ အကျဥ်းသားတွေကို တလတကြိမ် မိသားစုနဲ့ တွေ့ခွင့် ပေးတော့မှာဖြစ်တယ် ” လို့ အကျဉ်းထောင် နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
အကျဉ်း ကျခံနေရတဲ့ နိုင် / ကျဉ်း မိသားစုဝင် တယောက်က ” လာမယ့် နိုဝင်ဘာ ၅ ရက်ကစလို့ သေဒဏ်နဲ့ တကျွန်း ပြစ်ဒဏ်ကျနေတဲ့ အကျဥ်းသားတွေကို တလတကြိမ် ၊ မိသားစုနဲ့ ထောင်ဝင်စာတွေ လူကိုယ်တိုင် တွေ့ခွင့်ရပြီလို့ အကျဉ်းထောင် ဝန်ထမ်းတချို့ ဖုန်းဆက်ပြီး အကြောင်းလာတာတော့ ရှိတယ် ” လို့ ပြောပါတယ်။
ဒါ့အပြင် အကျဉ်းထောင် ဝန်ထမ်းတယောက်က ” ထောင်ဝင်စာတွေ လူကိုယ်တိုင် ဧည့်တွေ့ဖို့ ဖြစ်တယ် ၊ တနိုင်ငံလုံးမှာ ရှိတဲ့ အကျဉ်းထောင် တွေ အားလုံး ခွင့်ပြုပေးမှာဖြစ်တယ် ၊ အကျဉ်းထောင် တခုချင်းစီ အလိုက် ထောင်ဝင်စာ ဧည့်တွေ့ခွင့် ရက်အနည်းငယ် ကွာတာတွေတော့ ရှိနိုင်တယ် ” လို့ ပြောပါတယ်။
သေဒဏ်နဲ့ တကျွန်းပြစ်ဒဏ်ကျ အကျဥ်းသားတွေကို ထောင်ဝင်စာ တွေ့ခွင့် တလတကြိမ် ခွင့်ပြုပေးမှာဖြစ်ပြီး ၊ အကျဥ်းသားရဲ့ မိသားစုတယောက်နဲ့ ၁၀ နှစ်အောက် ကလေးတယောက်လည်း လိုက်ပါလို့ ရတယ် ၊ ထောင်ဝင်စာ လူကိုယ်တိုင် ဧည့်တွေ့လာတဲ့ သူအနေနဲ့ မှတ်ပုံတင်မူရင်း၊အိမ်ထောင်စုစာရင်းမူရင်း အပြင် တစ်ပတ်အတွင်းပြုလုပ်ထားတဲ့ ရပ်ကွက်ထောက်ခံစာ၊ ရဲစခန်းထောက်ခံစာ ၊ ကိုဗစ်ကာကွယ်ဆေး ၂ ကြိမ်ထိုးထားတဲ့အထောက်အထားတွေ ယူဆောင်လာရမှာ ဖြစ်တယ်လို့ သိရပါတယ် ၊ ဒါအပြင် နိုင်ငံအတွင်း ကိုဗစ်ဖြစ်ပွားနှုန်း ၂ ရာခိုင်နှုန်းနဲ့အထက် ဖြစ်ပွားနေချိန်မှာဆိုရင် ထောင်ဝင်စာ မတွေ့ခင် ၄၈ နာရီအတွင်း ကိုဗစ်ကင်းရှင်းကြောင်းစစ်ဆေးချက်တွေ ပြရမယ်လို့ အကျဉ်းထောင် ကြော်ငြာဘုတ်မှာ ဖော်ပြထားတယ်လို့ သိရပါတယ်။
အခုလို ထောင်ဝင်စာတွေ လူကိုယ်တိုင် ဧည့်တွေ့ခွင့်ရရှိတာဟာ ကိုဗစ်ရောဂါ ကူးစက်ပျံ့ပွါးမှုအပေါ် မူတည်ပြီး ခွင့်ပြုတာလို့ သိရပါတယ်။
ဒါ့အပြင် နေ့စဉ်ထုတ် နိုင်ငံပိုင် သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ နိုင်ငံအတွင်း ကိုဗစ်ရောဂါဖြစ်ပွားမှု ရာခိုင်နူန်းဟာ သုည ရာခိုင်နူန်းပဲရှိတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံ ICRC ရုံးအဖွဲ့နဲ့ နီးစပ်သူတယောက်ကလည်း ” ဘယ်ထောင်မှာ မဆို အကျဉ်းသားနဲ့ သူ့မိသားစုတွေ ဆက်သွယ်ဖို့ အခက်ခဲရှိရင် နီးစပ်ရာ ICRC ရုံးတွေကို ဆက်သွယ် အကူညီတောင်းခံနိုင်တယ် ၊ အဲ့ဒီ အတွက်လည်း ရုံးဖုန်းနံပါတ်တွေ ဖော်ပြပေးထားတယ် ” လို့ ပြောပါတယ်။
အဲ့ဒီအပြင် နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေး အဖွဲ့ (AAPP) ရဲ့ ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့ နှစ် နှစ်ကျော် ကာလအတွင်းမှာ ဖမ်းဆီးချုပ်နှောင်ခံရသူ အရပ်သား ၂ သောင်းခွဲကျော်မှာ ၇၉၈၉ ယောက်ကို နိုင်ငံရေး ပုဒ်မတွေနဲ့ပြစ်ဒဏ်ချမှတ်ခံထားရပြီး ကျန် တသောင်းကျော်ကိုတော့ ဒီကနေ့အထိ ချုပ်နှောင်ခံထားရဆဲဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီကနေ ၂၀၂၃ အောက်တိုဘာ လကုန်အထိ သေဒဏ်ချမှတ်ခံရသူပေါင်း ၁၆၃ ယောက်ရှိတဲ့အနက် မျက်ကွယ် သေဒဏ်ချခံရသူ ၄၃ ယောက်ရှိတယ်လို့ (AAPP)အဖွဲ့ကပြီးခဲ့တဲ့ အောက်တိုဘာ လကုန်ပိုင်းမှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။