နိုဝင်ဘာ ၊ ၃ ၊ ၂၀၂၃
SP (VOM)
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁ ရက်နေ့က မြန်မာနိုင်ငံရဲ့ နယ်စပ်မြို့ဖြစ်တဲ့ အိန္ဒိယနိုင်ငံ ၊ မဏိပူရ်ပြည်နယ် ၊ တင်နိုပယ်ခရိုင် ၊ မိုးရေးမြို့မှာမြန်မာစစ်ဘေးရှောင် ကလေးလူကြီး အယောက် ၄၀ ကျော်ဟာ အိန္ဒိယရဲတွေ ဖမ်းဆီးတာကိုခံရပြီးနောက်ပိုင်း မြန်မာစစ်ဘေးရှောင် တထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ မိုးရေးမြို့ခံတွေဆီက သိရပါတယ်။
” ပြီးခဲ့တဲ့ နိုဝင်ဘာ တရက်နေ့ မနက်ပိုင်းက မိုးရေးမြို့ရောက် မြန်မာစစ်ဘေးရှောင်တွေထဲက စျေးဝယ်ထွက်တဲ့ လူ ၄၄ ယောက်ကို အိန္ဒိယရဲက ဖမ်းတယ် ၊ အဲ့ဒီထဲက မိန်းကလေးနဲ့ ကလေးသူငယ်တွေကိုမနေ့ အောက်တိုဘာ နှစ်ရက်နေ့က ပြန်လွတ်ပေးတယ်၊ အဲ့ဒီလို ပြန်လွတ်ပေးတာ ၁၀ ယောက်ကျော်ရှိတယ် ၊ နောက်ပြီး ဖမ်းခံရတဲ့ထဲက လူ ၁၁ ယောက်ကို မဏိပူရ်ပြည်နယ်ရဲ့မြို့တော် အင်ဖာ (Inphal) အကျဥ်းထောင်ကို ပို့လိုက်တယ် ၊ ကျန် အယောက် ၂၀ ကျော်ကိုတော့ မိုးရေးမြို့ရဲစခန်း အချုပ်ခန်းမှာချုပ်နှောင်ထားဆဲဖြစ်တယ် ” လို့ မိုးရေးမြို့ နယ်စပ်ကုန်သွယ်ရေး စီးပွားရေး လုပ်ငန်းရှင်တယောက်က ပြောပါတယ်။
ဒါ့အပြင် မိုးရေးမြို့ခံ ဦးဂျမား က ” ပြီးခဲ့တဲ့ အောက်တိုဘာ ၃၁ ရက်နေ့က မိုးရေးမြို့ ရဲစခန်းက ရဲအရာရှိ Chingtham Anand Kumar ဆိုသူဟာ စာသင်ကျောင်း သန့်ရှင်းရေးကိစ္စနဲ့ ပတ်သက်ပြီး သွားရောက်စစ်ဆေးတဲ့အခါ ၊ ပစ်သတ်ခံရတယ် ၊ နောက်ပြီးအဲ့ဒီနေ့မှာပဲ အင်ဖာ (Inphal) – မိုးရေး (Moreh) လမ်းမှာ လမ်းလုံခြုံရေး တပ်ဖွဲ့ဝင်တွေကို ပစ်ခတ်တိုက်ခိုက်ခံရတာကြောင့်အနည်းဆုံး သုံးယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရသွားတယ် ၊ အဲ့ဒီ ကိစ္စနဲ့ ပတ်သက်ပြီး နယ်မြေရှင်းလင်းရေးတွေ လုပ်နေတာဖြစ်တယ် ၊ အဲ့ဒီ ပြစ်မှုဖြစ်စဥ်မှာ မြန်မာပြည်ဘက်ကနေ မိုးရေးမြို့ကို ဝင်ရောက်နေထိုင်တဲ့ လူတွေလို့ အိန္ဒိယရဲအဖွဲ့ကသံသယရှိတာကြောင့် မြန်မာစစ်ဘေးရှောင်တွေကို ပစ်မှတ်ထား ဖမ်းဆီးနေတာဖြစ်တယ် ၊ မနေ့ ( နိုဝင်ဘာ ၂)ရက် ၊ မနက်ကစလို့ မိုးရေးမြို့မှာ ရောက်နေတဲ့ ၊ အိမ်ငှားနေထိုင်တဲ့ မြန်မာစစ်ဘေးရှောင် အိမ်ထောင် မိသားစု ၂၀၀ ဝန်းကျင်လောက် ၊ လူဦးရေတထောင်လောက် မရှိတော့ဘူး ၊ အိမ်ပေါက်တွေပိတ်ပြီး ထွက်ပြေးတိမ်းရှောင်နေရတယ် ” လို့ ပြောပါတယ်။
အိန္ဒိယနိုင်ငံ ၊ မဏိပူရ်ပြည်နယ် ၊ တင်နိုပယ်ခရိုင် ၊ မိုးရေးမြို့ဟာ လူနေရပ်ကွက် ၂၀ ကျော်ရှိပြီး ၊ အဲ့ဒီထဲက ၁၀ ရပ်ကွက်ကျော်မှာပြီးခဲ့တဲ့ နှစ် နှစ်ကျော်ကာလကစလို့ မြန်မာစစ်ဘေးရှောင်တွေ ၊ ကူကီးတိုင်းရင်းသားတွေ အိမ်ငှားနေထိုင်ကြတာဖြစ်တယ်လို့သိရပါတယ်။
ဒါ့အပြင် အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ်နဲ့ မဏိပူရ်ပြည်နယ်က နယ်စပ်မြို့တွေနဲ့ ကျေးရွာတချို့မှာ လက်နက်ခဲယမ်းတွေ ၊ မူးယစ်ဆေးဝါးတွေ ၊ လူသတ်မှုတွေဖြစ်ပွားလေ့ရှိပြီး ပြစ်မှုကျူးလွန်သူ တချို့ဟာ မြန်မာနိုင်ငံသားတွေဖြစ်တယ်လို့ အိန္ဒိယ ရဲတပ်ဖွဲ့ရဲ့မှတ်တမ်းတွေအရ သိရပါတယ်။
အိန္ဒိယနိုင်ငံရောက် မြန်မာစစ်ဘေးရှောင်တွေရဲ့ အရေးကို လေ့လာစောင့်ကြည့်သူ တယောက်က ” ပြီးခဲ့တဲ့ အောက်တိုဘာ ၁၄ရက်က မီဇိုရမ်နယ်စပ်မှာ အသက် ၂၄ နှစ်အရွယ် မြန်မာနိုင်ငံသား အမျိုးသားတယောက်ဆီကနေ မက်သာအက်ဖယ်တမင်းမူးယစ်ဆေးတွေ အိန္ဒိယငွေ သိန်းပေါင်းထောင်ချီပြီး ဖမ်းဆီရမိတယ် ၊ အဲ့ဒီ အပြင် ပြီးခဲ့တဲ့ အောက်တိုဘာ ၃ ရက်က အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်မြို့ ၊ လဲန်းပွီးလေဆိပ်မှာ အိုင်ဇောလ်ကနေ နယူးဒေလီကို ပျံသန်းမယ့် လေယာဥ်ကြောင်းခရီးစဥ်မှာလေယာဥ်စီးခရီးသည် မြန်မာနိုင်ငံသား အမျိုးသမီး တစ်ဦးဆီက ရူပီးငွေ သိန်း ၃၁၀၀ ကျော် ၊ တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါး ( စိတ်ကြွဆေးပြား) တွေ ဖမ်းမိတယ် ” လို့ ပြောပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ နှစ် နှစ်ကျော်ကာလအတွင်း အိန္ဒိယ နိုင်ငံရောက် မြန်မာ စစ်ဘေးရှောင်တွေဆီက မူးယစ်ဆေးဝါး ဖမ်းဆီးရရှိမှု၂၈ ကြိမ် ၊ တရားမဝင် ကြီးကြပ်ကန့်သတ် ကုန်စည် ကူးသန်းရောင်ဝယ်မှု ၁၄ ကြိမ် ၊ တရားမဝင် လက်နက်ခဲယမ်း ဖမ်းဆီးရရှိမှုဖြစ်စဥ် ကိုးကြိမ် ရှိတယ်လို့ သိရပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ အောက်တိုဘာ ၁၀ ရက်က မြန်မာ – အိန္ဒိယ ၂ နိုင်ငံနယ်စပ်မှာရှိတဲ့ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် ၊ လန်ဘန်ကျေးရွာနားမှာ လက်နက်မှောင်ခိုသယ်ဆောင်သူ မြန်မာနိုင်ငံသား လူ ၂ ဦးဆီက ဖောက်ခွဲရေး ပစ္စည်းတွေနဲ့ ခဲယမ်းတွေကို အာသန်တပ်က သိမ်းဆည်းရမိတဲ့အခါ အဲ့ဒီ လူ ၂ ဦးဟာ မြန်မာနိုင်ငံဘက် ထွက်ပြေးလွတ်မြောက်သွားတယ်လို့ မီဇိုရမ် ပြည်နယ်ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားတယ်လို့ သိရပါတယ်။
မီဇိုရမ်ပြည်နယ်နဲ့ မဏိပူရ်ပြည်နယ်တွေမှာ မြန်မာနိုင်ငံသား တရားမဝင် နေထိုင်လျက်ရှိပြီး အဲ့ဒီထဲက တချို့ဟာ ယက္ကန်းလုပ်ငန်းလုပ်ကိုင်သူတွေရှိသလို တချို့လည်း ၂၀၂၁ မြန်မာနိုင်ငံ ပြောင်းလဲမှု အခင်းအကျင်းတွေကြောင့် လာရောက် ခိုလှုံနေသူတွေဖြစ်တယ်လို့ သိရပါတယ်။
အဲ့ဒါကြောင့် မြန်မာ – အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်မှာ စစ်ဆေးကြပ်မတ်မှုတွေ များပြားလာတယ်လို့ သိရပါတယ်။
#voiceofmyanmar #VOM #အိန္ဒိယမြန်မာနယ်စပ် #မိုရေး