ရွှေ၊ ငွေနဲ့ စက်သုံးဆီ တပတ်တာဈေးကွက်

 

 

နိုဝင်ဘာ ၁၃ – ၂၀၂၃

SN (VOM)

နိုဝင်ဘာ ၇ ရက်မှ ၁၃ ရက်အထိ တပတ်တာကာလအတွင်း ပြည်တွင်းရွှေဈေးဟာ အတက်အကျ အနည်းငယ်နဲ့ အလှုပ်အခတ်ဖြစ်နေခဲ့ပါတယ်။ ဒါ့အပြင် ငွေလဲနှုန်းတွေဟာလည်း အတက်ဘက်ကို အနည်းငယ် ရောက်ရှိလာနေသလို စက်သုံးဆီဈေးဟာလည်း မြင့်တက်လို့လာနေပါတယ်။

လက်ရှိ ကမ္ဘာ့ရွှေဈေးမှာ တအောင်စ ၁၉၀၀ ကျော်ဝန်းကျင် ပေါက်ဈေးရှိနေ‌ပေမယ့် ပြည်တွင်းရွှေဈေးကတော့ တပတ်တာအတွင်း အနိမ့်ဆုံး ကျပ် သုံးဆယ့်လေးသိန်းခွဲကနေ အမြင့်ဆုံး ကျပ် သုံးဆယ့်ငါးသိန်းနှစ်သောင်းဝန်းကျင်အထိ ဖြစ်ပေါ်ခဲ့ပါတယ်။

စက်သုံးဆီဈေးကွက် အခြေအနေဟာလည်း ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်း၊ ပြည်တွင်းမှာဖြစ်ပွားနေတဲ့ တိုက်ပွဲအခြေအနေတွေနဲ့ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) အပေါ် အမေရိကန်ရဲ့ ပိတ်ဆို့ အရေးယူမှုတွေကြောင့် ဈေးကွက်အပေါ် သက်ရောက်မှု ကြီးမားလာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။

ဒါ့ကြောင့် လာမယ့် တပတ်အတွင်း ဖြစ်ပေါ်လာနိုင်မယ့် ဈေးကွက် အနေအထားတွေကို ကြိုတင် တွက်ဆထားနိုင်ဖို့ အခုတပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ရွှေ၊ ငွေ၊ စက်သုံးဆီတို့ရဲ့ ဈေးကွက်အခြေအနေနဲ့ သုံးသပ်ချက်တွေကို VOM ကနေ စုစည်း တင်ပြပေးလိုက်ပါတယ်။

#ရွှေဈေးနှုန်း

လက်ရှိမှာ ပြည်တွင်းရွှေဈေး မြင့်တက်နေတာကြောင့် ရွှေအဝယ်အေးနေပြီး လက်ကောက်၊ ဆွဲကြိုး အစရှိတဲ့ အထည်ပျက် ရွှေထည်တွေကိုသာ ရွှေဆိုင်တွေမှာ ပြန်လာသွင်းသူများနေတယ်လို့ ပြည်တွင်းရွှေဈေးကွက်ကနေ သိရပါတယ်။

“ပြည်တွင်းရွှေဈေးနှုန်းက ဒေါ်လာဈေးနဲ့ ကမ္ဘာ့ရွှေဈေးပေါ်မှာ တည်မှီနေတာမျိုးပါ။ အခုက ကမ္ဘာ့ရွှေဈေး ကျနေပေမယ့် ဒေါ်လာဈေး နည်းနည်း ပြန်တက်နေတယ်။ အဲ့တော့ ရွှေဈေးက ၃၅ သိန်း ဝန်းကျင်မှာပဲ ကျလိုက်၊ တက်လိုက် ဖြစ်နေတာပေါ့။ မှောင်ခိုဈေးကွက်ကလည်း သူ့ဟာနဲ့သူ ဖြစ်နေတာပါပဲ။ ရွှေဈေးကွက်ကတော့ အရောင်းအဝယ် မရှိသလောက် အေးနေတယ်။ လာမယ့် ၂၀၂၄ ခုနှစ်လောက်မှသာ အရောင်းအဝယ် ပုံမှန်ပြန်ဖြစ်လာနိုင်မယ်လို့ ခန့်မှန်းရတာပဲ” လို့ ရွှေလုပ်ငန်းရှင်တဦးက ပြောပါတယ်။

ကမ္ဘာ့ရွှေဈေးဟာ တပတ်အတွင်း တအောင်စကို ၁၉၃၈ ဒေါ်လာအထိ ကျဆင်းလာကာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၆ ရက် ဈေးကွက်အဖွင့် (တနင်္လာနေ့) နဲ့ နှိုင်းယှဉ်ရင် တအောင်စကို ၄၅ ဒေါ် လာအထိ ကျဆင်းလာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပြည်တွင်းရွှေဈေးကတော့ အမြင့်ပိုင်းမှာပဲ အတက်အကျ အနည်းငယ်နဲ့ ဆက်လက် ရှိနေဆဲဖြစ်ပါတယ်။

အဲ့ဒီ့လို ကမ္ဘာ့‌ရွှေဈေးနှုန်း ကျဆင်းလာပေမယ့်လည်း ပြည်တွင်းက ပြင်ပ ရွှေဈေးကွက်မှာ အခေါက်ရွှေတကျပ်သားကို ကျပ် ၃၅ သိန်း ဝန်းကျင်ရှိနေပြီး ရန်ကုန်တိုင်း ရွှေအသင်းရဲ့ ရည်ညွှန်းဈေးနှုန်းသည်ပင် ကျပ်သိန်း ၃၀ ကျော်မှာ ရှိနေတယ်လို့ သိရပါတယ်။

#ငွေလဲနှုန်း

အမေရိကန်ဒေါ်လာဈေးကတော့ လက်ရှိမှာ တဒေါ်လာ ၃၃၀၀ ကျပ် ဝန်းကျင်ကို ရောက်ရှိနေပြီး ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၀ ရက် မနက်ပိုင်းမှစတင်ကာ အနည်းငယ် မြင့်တက်လာတာဖြစ်ပါတယ်။

အမေရိကန်ဒေါ်လာဈေးဟာ အခု နိုဝင်ဘာလ ပထမပတ်အတွင်းမှာ တဒေါ်လာ ၃၂၆၀၊ ၃၂၇၀ ကျပ်ဝန်းကျင်မှာ ဈေးငြိမ်နေခဲ့တာဖြစ်ပေမယ့် နိုဝင်ဘာ ၈ ရက်နေ့ ညနေပိုင်းမှ စတင်ကာ အနည်းငယ် တက်ရိပ်ပြလာခဲ့ကာ နိုဝင်ဘာ ၁၀ ရက်နေ့၊ မနက်ပိုင်းမှာတော့ ၃၃၀၀ ကျော်ဝန်းကျင်ကို ရောက်ရှိလာတာ ဖြစ်ပါတယ်။

“ဒေါ်လာ‌ဈေးက ပျှမ်းမျှဆိုရင် တဒေါ်လာကို ၃၃၀၀ ပတ်ဝန်းကျင်ပေါ့။ လိုတဲ့သူကတော့ ဝယ်နေတာပဲ။ အဖမ်းအဆီးတွေရှိလို့သာ သိပ်မလုပ်ကြတာ။ ဈေးကွက်မှာ demand က နေ့တိုင်းများတယ်” လို့ ငွေကြေးဈေးကွက်ကျွမ်းကျင်သူတဦးက ပြောပါတယ်။

လက်ရှိမှာ နယ်စပ်ကုန်သွယ်ရေးတွေမှာ အဓိက အသုံးပြုနေတဲ့ ငွေလဲနှုန်းတွေလည်း အနည်းငယ် မြင့်တက်နေပြီး ဒီကနေ့ နိုဝင်ဘာ ၁၃ ရက် (တနင်္လာနေ့) ဈေးကွက်အဖွင့်မှာ တရုတ်ယွမ် ၄၅၈ ကျပ်ဝန်းကျင်၊ ထိုင်းဘတ် ၉၂.၅၉ ကျပ်ဝန်းကျင်နဲ့ အိန္ဒိယရူပီး ၄၀.၂၆ ကျပ်ဝန်းကျင်ဈေး ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၆ ရက် (တနင်္လာ) နေ့ ဈေးကွက်ဖွင့်စဉ်တုန်းက တရုတ်ယွမ် ၄၅၀ ကျပ်ဝန်းကျင်၊ ထိုင်းဘတ် ၉၀.၉၀ ကျပ်ဝန်းကျင်၊ အိန္ဒိယရူပီး ၃၈.၆၈ ကျပ်ဝန်းကျင်ဈေး ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

#စက်သုံးဆီဈေးနှုန်း

ရန်ကုန်ရှိ စက်သုံးဆီအရောင်းဆိုင် အများစုမှာ နိုဝင်ဘာ ၁၀ ရက် မနက်ပိုင်းမှ စတင်ကာ ဆီပြတ်လပ်မှု ဖြစ်ပေါ်နေတယ်လို့ အငှားယာဉ်မောင်း‌တွေဆီက သိရပါတယ်။

မြို့တွင်းက စက်သုံးဆီ အရောင်းဆိုင်အများစုမှာ 92 အောက်တိန်းနဲ့ 95 အောက်တိန်း စက်သုံးဆီတွေ ပြတ်တောက်နေတာဖြစ်ပြီး ဆီရရှိနိုင်မယ့်နေရာတွေမှာ အချိန်ကြာမြင့်စွာစောင့်ဆိုင်းကာ တန်းစီဝယ်ယူရမှုတွေ ပြန်လည် ဖြစ်ပေါ်နေသလို ပိတ်ထားရတဲ့ ဆီဆိုင်တွေလည်း ရှိတယ်လို့ သိရပါတယ်။

ဒါနဲ့ပတ်သက်လို့ နစကရဲ့ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက စက်သုံးဆီပြတ်လပ်နေတဲ့ သတင်းဟာ ကောလဟာလသာဖြစ်ပြီး အဲ့ဒီ့လို သတင်းပြန့်နေမှုမှာ မမှန်ကန်ဘူးလို့ ငြင်းဆိုထားပါတယ်။

“ကျွန်တော်တို့အနေနဲ့ ပြည်တွင်းမှာ စက်သုံးဆီကို မည်သည့် စက်သုံးဆီမဆို တလစာ အရန်ရှိအောင် အမြဲတမ်းဆောင်ရွက်လျက် ရှိပါတယ်။ အများသုံးနေတဲ့ စက်သုံးဆီဖြစ်တဲ့ 92 ဆိုရင် ပြည်တွင်းလက်ကျန် ဂါလန် ၁၃ သန်းလောက်ရှိပါတယ်။ ဒီဇယ်ဆိုရင် ဂါလန် သန်း ၃၀ လောက် ရှိပြီးဖြစ်တယ်” လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

ရန်ကုန်မြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင် ၁၄၆ ဆိုင်အနက် အချို့သောဆိုင်တွေမှာ နိုဝင်ဘာ ၁၀ ရက်နေ့က ဓာတ်ဆီ 92 RON ဟာ နေ့စဉ်ပုံမှန်ရောင်းအားထက် ပိုမိုရောင်းအားမြင့် တက်ခဲ့တာကြောင့် ပြည်တွင်းစက်သုံးဆီ သိုလှောင်ထားတဲ့ Terminal သုံးခုမှ အရောင်းဆိုင်တွေ အားလုံးကို ဖြန့်ဖြူးပေးရာမှာ ဖြန့်ဖြူးနိုင်မှုစွမ်းအားအရ အလျဉ်မမီခဲ့တဲ့အတွက် စက်သုံးဆီ ပြတ်လပ်မှုဖြစ်ပေါ်ခဲ့ရာ အဲ့ဒီနေ့ ညတွင်းချင်းမှာပင် Urgend စနစ်နဲ့ ဖြည့်တင်းပေးခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် နိုဝင်ဘာ ၁၁ ရက်နဲ့ ၁၂ ရက်နေ့တို့မှာလည်း စက်သုံးဆီတင်သင်္ဘော လေးစီး ဆိုက်ကပ်ခဲ့ပြီး စက်သုံးဆီတင်သင်္ဘော ၁၅ စီး မကြာမီ ထပ်မံရောက်ရှိ ဆိုက်ကပ်မှာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိ ဖြစ်ပေါ်နေတဲ့ စက်သုံးဆီ ဈေးနှုန်းတွေကတော့ ရန်ကုန်မြို့မှာ အောက်တိန်း 92 တလီတာ ၂၁၃၀ ကျပ်၊ 95 တလီတာ ၂၂၅၀ ကျပ်နဲ့ ဒီဇယ်တလီတာ ၂၁၄၅ ကျပ်၊ ပရီမီယံဒီဇယ် တလီတာ ၂၂၄၅ ကျပ်၊ မန္တလေးမြို့မှာ အောက်တိန်း 92 တလီတာ ၂၁၈၀ ကျပ်၊ 95 တလီတာ ၂၃၀၀ ကျပ်နဲ့ ဒီဇယ်တလီတာ ၂၁၉၅ ကျပ်၊ ပရီမီယံဒီဇယ် တလီတာ ၂၂၉၅ ကျပ်၊ နေပြည်တော်မှာ အောက်တိန်း 92 တလီတာ ၂၁၇၅ ကျပ်၊ 95 တလီတာ ၂၃၀၀ ကျပ်နဲ့ ဒီဇယ်တလီတာ ၂၁၉၀ ကျပ်၊ ပရီမီယံဒီဇယ် တလီတာ ၂၂၉၀ ကျပ် သတ်မှတ်ထားပြီး အရင်တပတ်ကထက် ဈေးအနည်းငယ် မြင့်တက်လာတယ်လို့ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW