မူဆယ်မှာ စားသောက်ကုန်မပြတ်ဖို့ တရုတ်ဘက်ကနေ တင်သွင်းခွင့်ပြုပေးတာနဲ့ ရှမ်းမြောက်က အခြေအနေ

နိုဝင်ဘာ ၁၅၊၂၀၂၃
Shy V( VOM)
မူဆယ်မြို့နယ်မှာ လတ်တလော လမ်းပန်း ဆက်သွယ်ရေး ပြတ်တောက် နေတာကြောင့် စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းတွေ ဈေးနှုန်း သက်သက်သာသာ ဝယ်ယူ နိုင်ဖို့ တရုတ်ပြည်ကနေ အကန်ုအသတ်နဲ့ တင်သွင်းခွင့်ပြုထားတယ်လို့ သက်ဆိုင်ရာက ထုတ်ပြန်ပါတယ်။
မြန်မာ – တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ် ဖြစ်တဲ့ ဆင်ဖြူဂိတ် ကနေ ယာဉ်ငယ်တွေနဲ့ ကုန်ပစ္စည်း ၁၄၆ မျိုးကို ယာယီခွင့်ပြု ဆောင်ရွက်ထားကြောင်း မူဆယ်ခရိုင် ပြန်/ ဆက်နဲ့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ မူဆယ်မြို့ရဲ့ အသိပေး ထုတ်ပြန်ချက်အရ သိရပါတယ်။
တရုတ်နိုင်ငံဘက်ကနေ ကုန်ပစ္စည်းတွေတင်ပြီး မြန်မာနိုင်ငံဘက်သို့ ဝင်ရောက်လိုသူ‌ တွေအနေနဲ့ မှတ်ပုံတင်မိတ္တူ တစုံ၊ အိမ်ထောင်စုဇယားမိတ္တူ တစုံ၊ BP စာအုပ် မိတ္တူ တစုံ၊ ယာဉ်လိုင်စင် မိတ္တူ တစုံ၊ ယာဉ်မောင်းလိုင်စင်မိတ္တူ တစုံ၊ Passport ဓာတ်ပုံ ၂ ပုံ၊ ဆက်သွယ်ရန်ဖုန်းနံပါတ် စတဲ့ အချက်အလက်တွေနဲ့အတူ နိုဝင်ဘာ ၁၄ ရက်နေ့ကစ မူဆယ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးမှာတ ရုံးချိန်အတွင်းလာရောက်လျှောက်ထားနိုင်ကြောင်း အသိပေးစာ ထုတ်ပြန်ထားပါတယ်။
” ဗဟိုက ခွင့်ပြုတာ မဟုတ်ဘူး။ ဒီမှာ အောက်ခြေမှာ ညှိနှိုင်းပြီးမှလေ။ မူဆယ်က ပြည်သူ လူထုတွေအကုန်လုံး‌ အဆင်ပြေအောင် ဥပမာ လောက်ကိုင်တို့ လိုမျိုး တရုန်းရုန်းမဖြစ်အောင်ပေါ့နော်။ လောက်ကိုင်ဆို ဆန်တွေ ဘာတွေလုကြတယ်မလား။ ဒီမှာဆိုအဲလိုခွင့်ပြုလိုက်တော့ အခုကြက်ဥတောင်မှ တစ်ကဒ်ကိုတစ်သောင်း၊ တစ်သောင်းအောက်ရောက်နေပြီ။ အဲလိုဖြစ်အောင်ပေါ့နော်” လို့ မူဆယ်ခရိုင် ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ခရိုင်မှူး ဦးအယ်လ်စိုးထန်တူး က VOM ကို ပြောပါတယ်။
တရုတ်ဘက်က တင်သွင်းခွင့်ပြုတာမှာ အဓိက ကစားသောက်ကုန်ပဲခွင့်ပြုပြီး တင်သွင်းသူတွေအနေနဲ့ သတ်မှတ်စည်းကမ်းလိုက်နာရမယ်လို့ ပြောပါတယ်။
ဒါ့အပြင် မူဆယ်မြို့နယ်က ဒေသခံတွေနဲ့ မူဆယ်ရောက် ရွှေ့ပြောင်း လုပ်သားတွေ ဆန်ပြတ်လပ်မှု မရှိအောင် ဈေးနှုန်းသက်သာစွာနဲ့ စီစဉ် ရောင်းချပေး‌နေတယ်လို့ သူက ရှင်းပြပါတယ်။
“နောက်ပြီး ဆန်တစ်အိတ်ကို တစ်သိန်းနဲ့ ရောင်းပေးတာ။ … ကုန်သည်ကြီးများ အသင်းမှာ သွားဝယ်လို့ ရတယ်။ ပြန်ရောင်းဖို့တော့ မဟုတ်ဘူးပေါ့နော်။ အခုက ဆန်ဈေးက မတက်တော့ဘူးလေ။ အဲဒါ တရုတ်ကို ပို့ဖို့ကို မပိုတော့ဘူး။ ဒီမှာ တားထားတာလေ။ ဒီက ခရိုင်အုပ်ချုပ်ရေးမှူးတို့၊ မြို့နယ် အုပ်ချုပ်ရေးမှူးတို့ စီမံတာ။ ကုန်သည် အသင်းနဲ့ ပေါင်းပြီးတော့မှလေ။ ဆန်က အိတ်ပေါင်း ၈၀၀၀ လောက်ရှိတယ်။ အခုက ကုန်တာက အိတ်ပေါင်း ၃၀၀၀ လောက်တောင် မကုန်သေးဘူး။” လို့ သူက ရှင်းပြပါတယ်။
‌မူဆယ်နဲ့ တခြားလမ်းကြောင်းတွေ ပိတ်ထားတာကြောင့် ဆောက်လုပ်ရေး လုပ်သားတွေ အလုပ်လက်မဲ့ မဖြစ်ဖို့ တရုတ်ဘက်က ဘိလပ်မြေကို အခွန် ဆောင်ရန်မလိုပဲ တင်သွင်းခွင့်ပြုထားတယ်လို့ ဆိုပါတယ်။
“ဟုတ်တယ်။ မူဆယ်ပဲ။ အဆောက်အဦးမှာ အလုပ်သမားတွေဟို ကသုတ်ကယက်မဖြစ်ဖို့၊ ဒုက္ခမရောက်ဖို့ပေါ့နော်။ အဲဒီ အတွက် ဘိလပ်မြေကို လိုသလောက်ပေါ့လေ၊ ကြိုက်သလောက်တော့ မဟုတ်ဘူး။ လိုသလောက်ပေါ့။ အတိအကျ ဆိုရင် ခွင့်ပြုပေးတယ်။” လို့ သူက ရှင်းပြပါတယ်။
ဆောက်လုပ်မယ့် အဆောက်အဦး၊ လုပ်ငန်းရဲ့ လိုအပ်မှု အတိအကျ တွက်ချက်ပြီး စည်ပင်မှာ ထောက်ခံချက် သွားယူကာ လိုအပ်သလောက် ဈေးနှုန်း သက်သာစွာ စီစဉ်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
မန္တလေးနဲ့ မူဆယ်ကြား လမ်းမ ပေါ်ရှိ ဂုတ်တွင်းလမ်းအပိုင်း မိုင်တိုင်အမှတ် ၈၆/၃-၄ ရှုခင်းသာအောက်ဘက် တံတားလည်း ပျက်သွားပြီး ကျောက်မဲ နဲ့ သီပေါ ကြားက ကျင်သီ တံတားလည်း ကျိုးကျသွားကာ သီန္နီ မြို့အဝင်က နမ္မတူချောင်း တံတားလည်း ကျိုးကျ သွားလို့ ပြည်သူတွေ လမ်းပန်း ဆက်သွယ်ရေး အခက်အခဲ တွေ ဖြစ်နေရကြောင်း သွားလာနေတဲ့ ပြည်သူတွေဆီက သိရပါတယ်။
မူဆယ်ခရိုင်အတွင်းရှိ ပန်ဆိုင်းမြို့ အပါအဝင် မြို့နဲ့ အနီးဝန်းကျင်က နမ်ဟူး၊ ခါ့လျန်၊ ဖိုင်ကောင်း၊ ရေပူ၊ ကောင်းစထီး တွေမှာလည်း စစ်တပ်နဲ့ MNDAA တို့အကြား စစ်ရေးအခြေအနေတင်းမာနေပြီး ဒေသခံတွေလည်း တရုတ်နယ်စပ် စည်းရိုးနား ရှောင်တိမ်းနေကြရကြောင်း ဒေသခံတွေက ပြောပါတယ်။
စစ်တပ်ဘက်က ဟေမိုးလုံ အထက်က လွယ်ဂျုံတောင် နဲ့ မုံးကိုးမြို့ အဝင် ကောင်းဂွေရွာဘက်ကနေ ပန်ဆိုင်း မြို့ အနီးဘက် တပ်ဆုတ် လာခဲ့ကြတာမှာ MNDAA ဘက်ကလည်း ပန်ဆိုင်းမြို့ အနီးထိ ထိုးစစ်ဆင်ကာ ဒရုန်းနဲ့‌ရော လိုက်လံတိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။
“မနေ့ညနေပိုင်းက မူဆယ် ၁၀၅ မိုင် စစ်တပ်ကုန်းလည်း ဒရုန်းနဲ့ လာပစ်တယ်။ ပန်ဆိုင်းဘက်နားက ခါ့လျန်၊ ရေပူ၊ ဖိုင်ကောင်းဘုရားကျောင်းတွေက ကြွေမွကုန်ပြီ။ ဘုရားကျောင်းမှာ လာနားတဲ့ စစ်သားတွေကို ကိုးကန့်တွေက ဒရုန်းနဲ့ လာပစ်တာလေ။” လို့ ဒေသခံ အမျိုးသား တဦးက ကပြာပါတယ်။
စစ်သားတွေက စစ်ရှောင်စခန်းတွေနဲ့ နီးရာဘက် ဆင်းလာလို့ စိုးရိမ်ပြီး တရုတ်နယ်စည်းရိုးနားဘက် တဲတွေမရှိပေမယ့် ကတုပ်ကျင်းတွေ တူးကာ နေကြရပြီး ရေ အခက်အခဲ ဖြစ်တဲ့အပြင် ရာသီဥတု အေးတာကြောင့် ဖျားနာသူတွေ များလာနေတယ်လို့ ဆိုပါတယ်။
ပန်ဆိုင်းမြို့ အနီး တိုက်ပွဲ ဖြစ်နေလို့ မြို့ခံတွေလည်း တရုတ် နယ်စပ်ဘက် ထွက်ပြေး တိမ်းရှောင်နေကြသလို့ ပန်ဆိုင်းနဲ့ ထိစပ်နေတဲ့ တရုတ်ဘက်ခြမ်း ဝမ်တိန်မြို့တစ်မြို့လုံးလည်း တိုက်ပွဲရှောင်နေကြရကြောင်း တိုက်ပွဲရှောင်နေသူတွေက ပြောပါတယ်။
မြောက်ပိုင်း မဟာမိတ်ညီနောင်ရဲ့ ၁၀၂၇ စစ်ဆင်ရေး ၂၀ ရက်နေ့မြှောက်ရှိလာပြီဖြစ်ပြီး ရှမ်းပြည်နယ် မြောက်ပိုင်းနေရာ အနှံ့အပြားမှာ တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားနေတာ ဖြစ်ပါတယ်။
Photo Crd# ‌IPRD Muse ၊ ဒေသခံ

Related posts

Leave a Comment

VOM News

FREE
VIEW