ပေါက်မြို့နယ် ဇီးပြားကျေးရွာမှာ ပြည်သူ့စစ်တွေနဲ့ ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေ တိုက်ပွဲမှာ လူ၂၀ ကျော်သေဆုံး

 

နိုဝင်ဘာ ၊ ၁၆ ၊ ၂၀၂၃

SP ( VOM)

မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ပေါက်မြို့နယ်ရဲ့ အနောက်မြောက်ပိုင်းမှာရှိတဲ့ ဇီးပြားကျေးရွာမှာ နိုဝင်ဘာ ၁၀ ရက်ကစလို့ ၁၅ ရက်အထိ ငါးရက်ကြာ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ ရွာနီးချင်းတွေ တိမ်းရှောင်နေရကြောင်း ပေါက်မြို့နယ် ဒေသခံတွေဆီက သိရပါတယ်။

” ဇီးပြားရွာမှာက ပြည်သူ့စစ် အထိုင်ချနေတဲ့ ရှေ့တန်း စစ်ခန်းတွေရှိတယ် ၊ အဲ့ဒီ စစ်စခန်းတွေကို ဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေက ပြီးခဲ့တဲ့ ၁၀ ရက်နေ့ ကစလို့ အင်အားအများအပြားနဲ့ လာတိုက်နေတာဖြစ်တယ် ၊ မနေ့ နိုဝင်ဘာ ၁၅ ရက်အထိ တိုက်ပွဲက ဆက်ဖြစ်နေဆဲ ဖြစ်တယ် ၊ နေ့ရောညပါ လက်နက်ကြီးတွေနဲ့ ပစ်ကြတယ် ၊ မနေ့ကတော့ ရဟတ်ယာဥ်တွေနဲ့ လာပစ်တယ် ၊ အဲ့ဒါကြောင့် ဇီးပြားကျေးရွာရဲ့ အနီးနား ရွာတွေက ဒေသခံတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ် ၊ တိုက်ပွဲက နှစ်ဘက် ထိခိုက်ကျဆုံးမှုတွေရှိတယ်လို့ ကြားရတယ် ၊ အရေအတွက်တော့ မသိရသေးဘူး ” လို့ ပေါက်နယ် ဒေသခံတယောက်က ပြောပါတယ်။

အဲ့ဒီ ဇီးပြားရွာ တိုက်ပွဲဖြစ်စဥ်နဲ့ ပတ်သက်ပြီး ပခုက္ကူခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” ဇီးပြားရွာ ပြည်သူ့စစ် အထိုင်စခန်းကို လာတိုက်မယ်လို့ ကြိုတင်သတင်းရလို့ ခံစစ်ပြင်ပြီး အသင့်စောင့်နေတယ် ၊ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၀ ရက်ကနေ စပြီး လူအင်အား တထောင်ကျော်လောက်နဲ့ ဇီးပြားရွာကို ဝိုင်းပတ် ပိတ်ဆို့ပြီး တိုကိခိုက်ခံရတာဖြစ်တယ် ၊မနေ့ကအထိ ငါးရက်ကြာ တိုက်ပွဲဖြစ်တယ် ၊ မြေပြင်ကနေ စစ်ကူလာဖို့ မိုင်းကွင်းတွေရှိတာကြောင့် လေကြောင်းကနေ ရဟတ်ယာဥ်နဲ့ ပစ်ကူပေးရတယ် ၊ အမျိုးသား အလောင်း ၂၁ လောင်း ၊ အမျိုးသမီး အလောင်း တလောင်း ၊ မောင်းပြန်ရိုင်ဖယ်သေနတ် ကိုးလက် ၊ စနိုက်ပါ သေနတ် နှစ်လက်နဲ့ ပြောင်းချော သေနတ် တလက် သိမ်းဆည်းရမိတယ် ၊ ထိခိုက်မှုတော့ နှစ်ဖက်စလုံးမှာရှိတယ် ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ တုန်းကစပြီး ထိတွေ့တိုက်ပွဲတွေကြောင့် ရွာတွေ မီးရှို့ဖျက်ဆီးခံရတဲ့အထဲမှာ မကွေးတိုင်း ၊ ပေါက်မြို့နယ် ၊ တောင်ပိုင်းမှာရှိတဲ့ ကင်းမ ကျေးရွာဟာ တနိုင်ငံလုံးအတိုင်းတာအနေနဲ့ ပထမဆုံး မီးရှို့ဖျက်ဆီးခံရတယ်လို့ သိရပါတယ်။

အဲ့ဒီနောက် ပေါက်မြို့နယ်ထဲမှာ ပြည်သူ့စစ်ကျေးရွာတွေ ပေါ်ပေါက်လာပြီး ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေနဲ့ မကြာခဏ တိုက်ပွဲဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပခုက္ကူခရိုင်ထဲက မြို့နယ်တွေဖြစ်တဲ့ ရေစကြို ၊ မြိုင် ၊ ပေါက် ၊ ဆိပ်ဖြူ စတဲ့နယ်တွေမှာလည်း ဒီရက်ပိုင်းအတွင်း ပစ်ခတ်မှုတွေ ခပ်စိပ်စိပ်ဖြစ်လာနေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW