ဆူးငှက်
မန္တလေးက ထုတ်ဝေခဲ့တဲ့ ပုဂ္ဂလိက လူထုသတင်းစာက ဆရာကြီးသခင်ကိုယ်တော်မှိုင်း ရဲ့စာပေဂုဏ်ဒြပ်တွေ လည်းဖြစ်တဲ့ အခြေခံလယ်သမားအလုပ်သမားအရေး၊ အမျိုးသားအရေး၊ စာပေယဉ်ကျေးမှု အရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးစံတွေကိုကိုင်စွဲခဲ့တယ်။ လူထုသတင်းစာရဲ့ အယ်ဒီတာချုပ်များအဖြစ် ဆရာကြီးရွှေဥဒေါင်း၊ လူထုဦးလှ၊ လူထုဒေါ်အမာတို့ ဖြစ်တယ်။လူထုသတင်းစာက အလုပ်သမား၊ လယ်သမားအရေး၊ အမျိုးသားရေး၊ စာပေယဉ်ကျေးမှုနဲ့ ငြိမ်းချမ်းရေးတွေကို ဆက်လက်သယ်ဆောင်ခဲ့ရင်း မြန်မာ့သတင်းစာ သမိုင်းမှာ “သိက္ခာရှိသောသတင်းစာ” အဖြစ် မဏ္ဍိုင်စိုက်ထူနိုင်ခဲ့တယ်။
အစဉ်အလာကြီးမားခဲ့တဲ့ လူထုသတင်းစာမှာ အယ်ဒီတာတွေ၊ သတင်းထောက်တွေ၊ ဆောင်းပါးရှင် တွေ သာမကပန်းချီဆရာ ကာတွန်းဆရာ လူငယ်လေးတွေကိုလည်း သတင်းစာရဲ့မူဝါဒအပေါ် ယုံကြည်လက်ခံသူမှန်ရင် လွတ်လွတ်လပ်လပ်လုပ်ကိုင်ခွင့်ပေးပြီး မြေတောင်မြှောက်ပေးတယ်။ အထူးသဖြင့် လူထုသတင်းစာရဲ့ အခါကြီးရက်ကြီး တွေဆိုရင် ထူခြားဆန်းသစ်တဲ့ ပန်းချီကားမျက်နှာဖုံးတွေနဲ့ ထုတ်ဝေခဲ့တာ ပြောစမှတ်ဖြစ်လောက် အောင်ပါပဲ။ ဒီအထူးထုတ် သတင်းစာ က ပန်းချီဆရာတွေထဲမှာ လူငယ်ပန်းချီဆရာလေး တွေဖြစ်တဲ့ ပေါ်ဦးသက် နဲ့ ဝင်းဖေ လည်းပါတယ်။ သူတို့က လူထုသတင်းစာမှာ ပန်းချီသာမက ကာတွန်းလည်း ပင်တိုင်ဆွဲတယ်။
တကယ်တော့ ကာတွန်းကို ဦးစားပေးတဲ့နေရာမှာ လူထုသတင်းစာဟာ ထိပ်ဆုံးက ပါခဲ့ပါတယ်။ ကာတွန်းရဲ့ အနေအထား၊တန်ဖိုးကို စေ့စေ့စပ်စပ် အကဲဖြတ်ပြီးနေရာ ပေးခဲ့ပါတယ်။ လတ်တလော အရေးကြီးတဲ့ ပြည်တွင်းပြည်ပ အခြေအနေကိုမီးမောင်းထိုး ပြတဲ့ ကာတွန်းမျိုးကို မျက်နှာဖုံးမှာ တလေးတစား သုံးခဲ့ပါတယ်။
ပေါ်ဦးသက်နဲ့ ဝင်းဖေကို “တကယ့်ကာတွန်းဆရာ” လို့ ရဲရဲပြောနိုင်တာ ၁၉၆၁ ခု၊ မြန်မာ့နိုင်ငံရေး အပြောင်းအလဲကသောင်းကနင်းဖြစ်ချိန် ၁၉၆၁ ခု၊ နိုဝင်ဘာလ (၇) ရက်နေ့ထုတ် လူထုသတင်းစာ ဟာ ဆရာပေါ်ဦးသက်ကို ၊ ဝင်းဖေကို ဒါမှကာတွန်းဆရာလို့ ရဲရဲဝံ့ဝံ့ ကြေညာ ပေးလိုက်တာ ဖြစ်တယ်။
သတင်းစာရဲ့ ပထမစာမျက်နှာမှာပဲ ပေါ်ဦးသက်ဟာ သူ့လက်မှတ်ထိုးပြီး “သတင်းစာ လွတ်လပ်ခွင့်မရှိပါ၍ ယနေ့ကာတွန်းမရေးတော့ပါ။” ဆိုတဲ့ ကြေညာချက်ကို ရိုက်နှိပ်ထားတယ်။ အလားတူ လူထုရဲ့ပင်တိုင်ကာတွန်းဆရာ ဝင်းဖေ ကလည်း“ သတင်းစာတို့ လွတ်လပ်စွာရေးသားခွင့် မရှိ။ ထို့ကြောင့် ယနေ့ ကာတွန်းမရေးဆွဲပါ။ ဝင်းဖေ ” လို့ ကြေညာတယ်။ သတင်းစာပင်တိုင် ကာတွန်းဆရာတစ်ယောက်ရဲ့ ကြေညာချက်ကိုပဲ လူထုသတင်းစာဟာ သတင်းစာ ခေါင်းစည်းကြီးရဲ့ အောက်တည့်တည့်မှာပဲ ထိုက်တန်စွာ နေရာပေးထား ပါတယ်။
မန္တလေးမှာ ၁၉၆၇-ခုနှစ် ဇူလိုင်လ၇ရက်နေ့ရောက်တော့ လူထု သတင်းစာကို မှတ်ပုံတင်သက်တမ်းထပ်တိုး မပေးတဲ့နည်းနဲ့ အလိမ္မာသုံးကာ “ မန္တလေး နှင့်သတင်းစာ” ပြည်ဖုံးကား ချခဲ့တာပါပဲ။ မန္တလေးမြို့လူထုရဲ့နှလုံးသားမှာ“လူထုသတင်းစာ”က စွဲထင်ပျော် ဝင်နေဆဲ။ ဒီကာလမှာပဲ ၁၉၆၉ခုနှစ်မှာ ဟံသာဝတီသတင်းစာ မန္တလေးက ထုတ်ဝေတော့မယ် ဆိုတဲ့ သတင်းဟာ မန္တလေးသူ၊ မန္တလေး သားတွေ အားလုံးအတွက် ခေါင်းမော့ လည်ဆန့်မျှော်လင့် မေးမြန်းစူးစမ်းစရာပါပဲ။ ဟံသာဝတီ ဘယ်လဲ၊ ဘာလဲ။ ရင်ထဲက “လူထု”ကို အစားထိုးနိုင်ပါ့မလား။ ရင်ထဲက ဆန္ဒတွေ “ပြေ” စေနိုင်ပါ့မလား။ ဒီလိုနဲ့ ၁၉၆၉ အောက်တိုဘာ ၁ ရက်နေ့မှာ ဟံသာဝတီစထွက်တယ်။
ပြည်သူပိုင်အသိမ်းခံလိုက်ရတဲ့ ဟံသာဝတီသတင်းစာကို မန္တလေး မှာ ပြောင်းဖွင့်ပြီး ဦးဝင်းတင်ကို အယ်ဒီတာချုပ် အနေနဲ့ တာဝန်ပေးမယ် ဆိုတော့ အစိုးရက တင်းကျပ်တဲ့ စည်းကမ်းတွေနဲ့ ကြိုပြီး ကန့်သတ်တယ်။ မန္တလေး ရောက်ရင် လူထုဦးလှ လူထုဒေါ်အမာ အပါအဝင် လက်ဝဲဆန်တယ်လို့ အစိုးရက တံဆိပ်ကပ်ထားတဲ့ စာရေးဆရာတွေနဲ့ မတွေ့ရဘူး။ မပေါင်းရဘူး။ သူတို့ဆောင်းပါးတွေကို သတင်းစာမှာ မသုံးရဘူး။ အဲဒီစာရေးဆရာတွေ ကျင့်သုံးရေးသားနေတဲ့“စကားပြောသလို” အရေး အသားနဲ့ ဆောင်းပါးတွေလည်း မသုံးရဘူး။ သတင်းစာမှာလည်း သည်။၏။သောကြောင့်။ထို့ကြောင့်..စတဲ့အသုံးအနှုန်းမျိုးနဲ့ “စကားပြေ”ပုံစံ၊ သတင်း၊ သတင်းဆောင်းပါးတွေပဲ ရေးရမယ်။ စတဲ့.. အချုပ်အချယ်အကန့်အသတ်တွေနဲ့ပေါ့။
ဒါကို ဦးဝင်းတင်က လက်ခံမယ်လို့ ထင် ပါသလား။ လက်မခံတဲ့အပြင် မန္တလေး မှာ ဖွင့်မယ့် သတင်းစာဟာလူထုဦးလှ-လူထုဒေါ်အမာ အမှူးပြုတဲ့ မန္တလေးသား စာရေးဆရာမတွေကို အမှူးထားရမှာ၊ သူတို့နဲ့ ပေါင်းရုံသင်းရုံမကသူတို့အကြံဉဏ်၊ သူတို့ အစောင့်အရှောက် ခံယူရမယ်။ သူတို့စာမူတွေကို သုံးရမယ်။ “စကားပြော”သလိုရေးရေး၊ “စကားပြေ”နဲ့ရေးရေး၊ ဆောင်းပါးကောင်းရင် သုံးမယ်ဆိုတဲ့ မှန်ကန်တဲ့ တုန့်ပြန်ချက်တွေနဲ့ ခုခံခဲ့တယ်။ ခုခံရုံမက ဒီအချက်အလက်တွေနဲ့ပဲ ဟံသာဝတီသတင်းစာကို တည်ဆောက်ထုတ်ဝေခဲ့တာ မဟုတ်လား။
၁၉၉၄ခုနှစ် နိုဝင်ဘာလ ၂၉ရက်နေ့ မနက်အရုဏ်တက် ဒေါ်ဒေါ်လမ်းလျောက်ဆင်းမလာမီ တောင်လေးလုံး မွေးနေ့ပွဲမှာ ဝေဖို့ ကျွန်မတို့ငယ်ငယ်တုန်းက စာအုပ် အုပ်ရေ ၁၀၀ ဖော်ပြီးပြီ။ ဖြတ်စက်ပေါ်က ချပြီး စာအုပ်တွေက ကော်နံ့ပင် မပျောက်သေး။ ဒေါ်ဒေါ်ဆင်းလာလျှင် ချက်ချင်းတွေ့နိုင်အောင် ဧည့်ခန်းအထွက်က ဆက်တီ စာပွဲပုလေးပေါ် တင်ထား ပေးလိုက်ပါတယ်။ ဒေါ်ဒေါ် အပေါ်ထပ်က ဆင်းလာပြီး အလုပ်ခန်းဖြတ်တာနှင့် စာအုပ်တွေကို တွေ့တော့ “စာအုပ်လေးက လှသားပဲကွယ့်၊ဒီနေ့လည်း မင်းတို့ အလင်းရိုက်ကြရတာပေါ့” လို့ပြောပြီး စာအုပ်လေးကို သေချာကြည့်တယ်။ စာပွဲရှေ့က ဆက်တီခုံပေါ်ထိုင်ပြီး စာအုပ်လေးကို လှန်လှော ဖတ်နေတယ်။
ဒီ့နောက် စာအုပ်လေးကို ချပြီး တွေဝေငေးရီကာ သက်ပြင်း မြှင်းမြှင်းချပြီး “ ကိုလှရှိရင် ဒို့ကို ဒီအလုပ်တွေ လုပ်ရမှာ မဟုတ်ဘူး၊အခု ဒို့လုပ်နေတာ ကြည့်ပြီး အပြစ်တင်မှာ၊ သူက မွေးနေ့တွေ ဘာတွေ မော်မော်ကြွားကြွား လုပ်တာ မကြိုက်ဘူး၊ ပြီးတော့ ကိုလှက ဥပဒေအတိုင်း မချိုးမဖောက် ဘောင်ထဲက လုပ်ချင် ကိုင်ချင်တဲ့သူ၊ု အမြဲတမ်း နေရာတိုင်း ဥပဒေနဲ့ ဘောင်နဲ့ လုပ်လွန်းလှချည့်၊ စဉ်းစားလှချည့်၊ ချင့်ချိန်လှချည့် လို့တောင် အားမလိုအားမရနဲ့ သူ့အပေါ် အထင်လွဲမိ သေးတာပေါ့ကွယ်။ အခုလို စီစစ်ရေးက ဖြန့်မိန့် မကျသေးဘဲ စာအုပ်တွေဝေရင် ကန့်ကွက်မှာ၊ ဒို့ကို အမာ.. မင်းဘာတွေ လျောက်လုပ်နေတာလဲလို့ အပြစ်တင်မှာ၊တကယ်တမ်း ဒို့တိုက် အခုချိန်ထိ တည်မြဲနေတာ ကိုလှ ရှိစဉ်တလျောက်လုံး သူက စည်းကမ်းဥပဒေအတိုင်း လိုက်လျောညီထွေအောင် တိတိကျကျ လိုက်နာပြီး လိမ်လိမ်မာမာ ပါးပါးနပ်နပ် အလုပ်လုပ်ခဲ့လို့ပေါပ။ ဒို့ကတော့ သူ့လိုမဟုတ်ဘူး၊ လုပ်ချင်တာဆို ရှေ့နောက် သိပ်ကြည့်တာမဟုတ်ဘူး၊ တုံးတိုက်တိုက် ကျားကိုက်ကိုက် လုပ်ချင်တာလုပ်လိုက်ရမှ” ဟု လွမ်းလွမ်းဆွတ်ဆွတ်ပြောပြဖူးပါတယ်။
ဆူးငှက်
#voiceofmyanmar #VOM #လူထု #လူထုဦးလှ #လူထုဒေါ်အမာ #ဦးဝင်းတင် #ဦးဝင်းဖေ #ပေါ်ဦးသက်