စက်ဘီးတစ်စီးနှင့် သားအဖ ၃ယောက်

ဆူးငှက်

 

 

ကုန်လွန်ခဲ့သော ၁၉၉၀ခုနှစ်ဝန်းကျင် ကာလ ကျွန်တော့် သားနှစ်ယောက်ကို ချော့မော့ ထိန်းကျောင်းရသည့် ပျော်ရွှင်ရသည့် ကာလများဆီ အခုတလော သတိရမိနေသည်။ သားအကြီးနှင့် အငယ်က ၄နှစ်လောက်ခြားသည်။ အငယ်မမွေးမီ သားကြီးက အိမ်မှာ အဘိုးအဘွားနှင့် အဒေါ်များ၏ အချစ်တော် ဖြစ်သည်။ အိမ်မှာ သူ့ကို ထိန်းကျောင်း ဂရုစိုက်သူချည်း ဖြစ်သည်။အိမ်မှာ အိမ်သားများသာမက စာအုပ်အငှားဆိုင်လည်း ဖွင့်ထားသည်ပို့ စာအုပ်ငှား ဖောက်သည်များကလည်း ငယ်စဉ်ကမျက်နှာချိုသော သူ့ကို ချစ်ကြလို့ ရောက်သည်နှင့် ပွေ့ကြ ချီကြတော့သည်။ မျက်စောင်းထိုး နန်းခင်အေး၊ နန်းခင်မေညီအစ်မကဆိုလျှင် သူတို့အိမ်ပွေ့ခေါ်သွားပြီး အကောင်းစား မုန့်တွေ ကျွေးသည်။ ထို့အတူ ကန်ထရိုက်တာ ဝင်းထဲက မမာလာ မအေးအေးမြတ် ညီအစ်မကလည်း သူ့ကို မြင်သည်နှင့် ပွေ့ချီကာ လက်ပေါ်က မချတော့။ ထို့ကြောင့် သူက လက်သာသော အိမ်မှာပဲပျော်သည်။ ထို့ကြောင့် ၃နှစ်သားအရွယ် မူကြိုထားတော့ အိမ်ကခွာပြီး ကျောင်းမသွား ချင်တော့ပေ။

 

ကနဦးထားသည့် မူကြိုက ၂၆ဘီလမ်းနှင့် ၇၅လမ်းထောင့် YMCA မူကြို ဖြစ်သည်။ ကျောင်းသွားရမည် ဆိုလျှင်ကော့လံထိုးကာ ငိုတော့သည်။ သည်တော့ ကျောင်းမသွားဘူး စက်ဘီးစီးရမှာဟုဆိုကာ သူ့ကို စက်ဘီးရှေ့က ခုံပေါ်တင်ပြီးကျောင်းနှင့် ဆန့်ကျင်ဘက် အရပ်နေရာတွေဆီ စက်ဘီးပတ်နင်းကာ မျက်စိလည်လောက်မှ ကျောင်းကို မထင်မှတ်သည့် နေရာက ပတ်ဝင်ရ၏။ ဒါလည်း ကျောင်းပေါက်ရောက်တာနှင့် အာခေါင်ခြစ်ငိုသည်။ သည်တော့ သူ့ကို စက်ဘီးပေါ်တင်ပြီး ကျွန်တော်သွားလေရာ ခေါ်သည့် အကျင့် လုပ်ထားရသည်။ ဒါမှ ကျောင်းသွားခါနီး အလည်သွားဟန်ဆောင်ကာ စက်ဘီးပေါ် တင်ရခြင်းဖြစ်သည်။ ထိုအကျင့်ကြောင့် ကျောင်းပိတ်ရက်ဆိုလျှင် သားအဖနှစ်ယောက်က စက်ဘီးတစ်စင်းနှင့် မြို့လုံးပတ်လည် သဝေထိုးကြသည်။

 

၃နှစ် ၄ု နှစ်အရွယ် သားလေးကို စက်ဘီးရှေ့က ထိုင်ခုံမှာတင်ပြီး ကျုံးဘေး ဟေမာဇလရပ်ကနေ ဘုရားကြီး ၄၅တာကွင်းထဲက နန္ဒိသေနာရာမ ဆရာတော်ကြီး ဘုန်းကြီးပျံသို့လည်း နေပူကျဲကျဲ ဖုံတလုံးလုံးမှာ ရောက်သည်။ ဘုန်းကြီးပျံချတော့စက်ဘီးနှင့် သားအဖ၂ယောက် ကရဝိက်နောက်က လိုက်ကြသေး၏။ ထိုစဉ်ကာလ စစ်အုပ်ချုပ်ရေးမို့ ဘုန်းကြီးပျံနောက်ကအစောင့်အရှောက်လိုက်ပါလာသော အမြောက်နှင့် တင့်ကား ၂စင်းကို သားတော်မောင်က ကရဝိက် ထက် သဘောကျ နေသည်။

 

ထို့ပြင် အရှေ့ပြင် ဆင်တဲတိုက်က ဘုန်းကြီးပျံလည်း ရောက်သည်။ အနောက်ပြင် မစိုးရိမ်တိုက်ဟောင်းက ဘုန်းကြီးပျံလည်း ရောက်သည်။ ဘုန်းကြီးပျံတွေ မရှိလျှင် သားအဖ၂ယောက်က ဘူတာကြီးရှေ့မှာ စက်ဘီးအပ်ပြီး ဘူတာထဲဝင်ကာမီးရထားခေါင်းတွဲကြီးတွေ၊ ရှန်တိန်လုပ်သော မီးရထားတွေကို တမေ့တမော ထိုင်ကြည့်ကြသည်။ တစ်ခါတရံ သားအဖ၂ယောက်ထဲ တောင်ခြေမှာ စက်ဘီးအပ်ပြီး မန္တလေးတောင် တက်ကြသေးသည်။ စိတ်လိုလက်ရ ရှိလျှင် အေလမ်းအတိုင်း အနောက်ဆင်းပြီး ဂေါဝန်ဆိပ်က အလုပ်သမား အပန်းဖြေရပ်သာ နဘေး သစ်ပင်ကြီးအောက် အုတ်ခုံမှာ ထိုင်ရင်း မြစ်ထဲက သင်္ဘောတွေ လှေတွေကို ကြည့်ကြသည်။

 

သားအငယ် မွေးပြီးတော့ အကြီးက ၆နှစ်အရွယ် အငယ်က ၂နှစ်သားလောက်မှာလည်း သားအဖ၃ယောက် မန္တလေးတောင် တက်ကြတော့ အပြန်မှာ ဇနီးသည်က အံံသြနေသေးသည်။ အကြီးက ကျွန်တော့် လက်ဆွဲကာ ခြေကျင်၊ အငယ်ကိုကျွန်တော်က ချီပိုးပြီး မြွေကြီး ၂ကောင်ရောက်အောင် တက်ကြတာလေ၊ သားအဖတတွေ အိမ်ရောက်တော့ ချွေးအနစ်သားနှင့် မထနိုင်ကြတော့။ တစ်ခါတော့ သားအဖ ၃ယောက် စွန့်စွန့်စားစားနှင့် ဘူတာကြီးအထိ စက်ဘီးနှင့် သွားပြီး အရှေ့မြို့ပတ်ရထားစီးကြသည်။ စက်ဘီးအပ်ပြီး ဘူတာကြီးထဲက အရှေ့ မြို့ပတ်ရထားကို စီးကြခြင်း ဖြစ်သည်။ မြို့ပတ်ရထားက ဘူတာကြီးမှာရှမ်းစု၊ မြို့ဟောင်း၊ သိုးခြံ၊ ကံသာယာ၊ ယဉ်ပျံ၊ နန်းရှေ့ စသည်ဖြင့် မန္တလေးတောင်ခြေမှ မြင်းပြိုင်ကွင်း တောင်ဘက်က ဖြတ်ပြီးသူရဲဈေးဘူတာသို့ ဝင်သည်။ သည်လိုပဲ အနောက် မြို့ပတ်ရထားကိုလည်း သားအဖ၃ယောက် စီးဖူးသည်။ ဘူတာကြီးကအနောက် အေလမ်းအတိုင်း ယခင် ဆီတင်တွဲ သစ်တင်တွများသွားရာ ရထားလမ်းအတိုင်း အနောက် ကမ်းနားလမ်းရောက်တော့မြောက်ဘက်ချိုးပြီး ပိုက်ကျုံး ရောက်သည်။

 

ထိုမှ ၂၆ဘီလမ်းအတိုင်း အရှေ့တက်ပြီး ရွှေတချောင်းအတိုင်း မြောက်ချိုးကာ ရေကြည် မဲအိုးတန်း ကြံခင်း အတိုင်းဗြစ်စက်အနောက်ဘက်မှ  အိုးဘိုရောက်ကာ သူရဲဈေး ပြန်ဝင်သည်။ သားတွေက မြို့ပတ်ရထားစီးရင်း လမ်းပေါ်က စက်ဘီးတွေမြင်းလှည်းတွေ ကားတွေ လူတွေကို မြင်ရတာ သဘောကျကြသည်။ ထို့ပြင် သူရဲဈေးဘူတာရောက်တော့ မီးရထားခေါင်းတွဲကိုဆုံလည်ပေါ်တင်ပြီး လူတွေ ဝိုင်းတွန်းကာ ခေါင်းလှည့်တာကို လက်ခုပ်လက်ဝါးတီး၍ သဘောကျကြ၏။ သူရဲဈေး ဘူတာရောက်တိုင်း တွဲပေါ်က ဆင်းကာ ဘူတာတောင်ထိပ်က ခေါင်းတွဲလှည့်သည့်နေရာ သွားပြရသည်။ ထိုစဉ်က မြို့ပတ်ရထားတွေကိုတော့ စီးခဲ့ကြသော်လည်း မန်းရာပြည့်ကွင်းမှာ အသစ်ဖွင့်လှစ်သည့် ရတနာပုံ တိရစ္ဆာန်ဥယျာဉ်သို့မူ မရောက်ဖြစ်ခဲ့ပေ။ထို့ပြင် သားအဖ ၃ယောက်သား မှတ်မှတ်ထင်ထင် သွားခဲ့ဖူးသော နေရာလည်းရှိသည်။

 

၁၃-၅-၁၉၉၄ နေ့တွင် မန္တလေးကျုံးကြီးကို ပြန်လည် တူးဖော်ခဲ့သည်။၂ဝ-၄-၁၉၉၄ နေ့တွင် ကျုံးရေကို စတင် ပိတ်ခဲ့ပြီး ၆-၅-၁၉၉၄ နေ့မှစ၍ ကျုံးရေများ စတင် စုပ်ယူ ရှင်းလင်းခဲ့သည်။ ထို့နောက် ၁၃-၅-၁၉၉၄ နေ့တွင် စတင် တူးဖော်ခဲ့ခြင်း ဖြစ်ပါသည်။ ၁၈-၃-၁၉၉၅ နေ့တွင် ကျုံးပတ်လည် တူးဖော်မှုလုပ်ငန်း ပြီးစီးခဲ့ပါသည်။ ကျုံးတော်ကြီး အသစ် ပြင်ဆင် မွမ်းမံ ပြီးစီးခြင် းအထိမ်းအမှတ် အောင်ပွဲကို ၁၉၉၅ ခုနှစ် မတ်လ ၁၈ ရက်နေ့မှ စ၍ နန်းမြို့ရိုး ပတ်လည် ကျုံးအတွင်း၌ သုံးရက်တိုင်ခြိမ့်ခြိမ့်သဲ ကျင်းပခဲ့သည်။ ကျုံးအောင်ပွဲ အခမ်းအနားကြီးတွင် တန်ပိုလာမဲများ၊ စတိပ်ရှိုးများ၊ ကာရာအိုကေ များ၊ ရန်ပုံငွေစားသောက်ဆိုင်များ၊ အငြိမ့်များ၊ ၊ ဇာတ်များ၊ ချားရဟတ် ကစားစရာများ ပါရှိသည်။ ထို့ပြင် အယုတ်အလတ် အမြတ်မရွေးကျွေးမွေးသည့် ထမင်းစတုဒိသာများလည်း ရှိသည်။ ထိုအရာများအားလုံးကို စိတ်မဝင်စားသော်လည်း ကျုံး အရှေ့ဘက်မျက်နှာစာတွင် မန္တလေးရုပ်စုံသဘင် ပါသည်ဆိုသည်ကိုတော့ စိတ်ဝင်စား နေမိသည်။ ကျွန်တော်က သားတွေကို ရုပ်သေးပွဲ ပြချင်နေသည်။

 

ထို့ကြောင့် ကျုံးအောင်ပွဲ စတင် ကျင်းပသည့် နေ့မှာပင် ကျွန်တော်သည် သားနှစ်ယောက် လက်ဆွဲကာ တန်ပိုလာကံစမ်းမဲ ဈေးဆိုင်တန်းကြီးများကို တိုးဝှေ့ပြီး ကျုံးရှေ့ခြမ်းထိ မငြီးမငြူ သွားကာ ညနေစောင်းကတည်းက ရုပ်သေးစင်ရှေ့နေရာယူခဲ့သည်။ ဤသို့ဖြင့် ရုပ်သေးပွဲ စထွက်တော့ ကမ္ဘာပျက်တာ၊ ကမ္ဘာတည်တာ၊ ဟိမဝန္တာခန်း စသည်များကို တတ်သလောက်၊ မှတ်သလောက်ဖြင့် သားများအား ရှင်းပြရ၏။ ထို့နောက်အပျိုတော်…၊ ထို့နောက် နှစ်ပါးသွား…၊ ထို့နောက်နောက်ပိုင်း ဇာတ်ထုပ်…။ ဤသို့ဖြင့် ပွဲသိမ်း ပြည်ဖုံးကားချမှ သားအဖတတွေ ရုပ်သေးပွဲက ပြန်ခဲ့ကြသည်။ တစ်ရက်လည်းမဟုတ်၊သုံးရက် ဆက်တိုက်…။

 

အမေကမူ ” သားတွေက တော်တော်၊ နင်က ကြည့်ချင်လို့နေမှာ…” ဟုဆို၏။ သားတွေက အထူးအဆန်းမို့ သဘောကျနေသည်။ မြင်းကို သဘောကျသည်။ မျောက်က ိုသဘောကျသည်။ ဘီလူးနှစ်ကောင် နောင်ဂျိန် ခန်းကို သဘောကျသည်။ သူတို့ပိုသဘောကျတာက မြင်းကြည့်လိုက် ရေခဲမုန့် ပြေးဝယ်စားလိုက်၊ မျောက်ကြည့်လိုက် ရေခဲမုန့် ပြေးဝယ်စားလိုက်၊ ဘီလူးကြည့်လိုက် ရေခဲမုန့် ပြေးဝယ်စားလိုက်ကိုး။ ကျွန်တော်ကတော့ ရုပ်သေးစင်ရှေ့ ငုတ်တုတ်ထိုင်ရင်း ငါးမည်ရတင်သိန်းနှင့် ရွှေဘိုတင်အောင်၏ အဆိုအငိုမှာ နစ်မျောရင်း ငယ်ဘဝကို လွမ်းဆွတ် ရတာ အရသာ ရှိလှသည်။

 

ဟုတ်သည်၊ အမေပြောလည်း ပြောချင်စရာ သား၂ယောက်ကို စက်ဘီးနှင့် တင်ပြီး ဘုန်းကြီးပျံ၊ မန္တလေးတောင်၊ဘူတာရုံ၊ မြစ်ဆိပ်၊ မီးရထား၊ ရုပ်သေးပွဲတို့ အပျင်းမရီသွားနေခြင်းက သားတွေက တော်တော်၊ ကျွန်တော်သွားချင် ကြည့်ချင်သော နေရာတွေဆိုတာ သတိထားမိနေပါသည်။ အခုလည်း စက်ဘီး တစ်စီးနှင့် လွတ်လပ်ပျော်ရွှင် နောက်ဆံမတင်းရဘဲ စိတ်ကူးပေါက်သလို လျှောက်သွားချင်ပါသေးသည်။

 

 

ဆူးငှက်

 

#voiceofmyanmar #VOM # စက်ဘီးတစ်စီးနှင့်သားအဖ၃ယောက် #ဆူးငှက်

 

Related posts

Leave a Comment

VOM News

FREE
VIEW