အစ္စလာမ်ဘာသာရေး ကျောင်းတကျောင်းက ကလေးသူငယ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှု ကျူးလွန်ခဲ့သူတွေကို ပန်းဘဲတန်းရဲစခန်းမှာ အမှုဖွင့်ထား

 

ဒီဇင်ဘာ ၁၆ – ၂၀၂၃

SN (VOM)

ရန်ကုန်မြို့၊ ပန်းဘဲတန်းမြို့နယ်၊ ၂၆ လမ်း (အောက်ဘလောက်) မှာရှိတဲ့ အစ္စလာမ် ဘာသာရေးအခြေခံ စာသင်ကျောင်းတကျောင်းက ကလေးသူငယ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှု ကျူးလွန်ခဲ့သူတွေကို ပန်းဘဲတန်းရဲစခန်းမှာ ပုဒ်မ ၃၇၇/၅၁၁ နဲ့ အမှုဖွင့်ထားတယ်လို့ အဲ့ဒီ့ကျောင်းနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းက သိရပါတယ်။

အဲ့ဒီ့ကျောင်းရဲ့ ဆရာနှစ်ယောက်က အသက်မပြည့်‌သေးတဲ့ ကလေးငယ်တွေကို လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှု ပြုလုပ်ခဲ့တာဖြစ်ပြီး လက်ရှိမှာ ကျူးလွန်ခံရတဲ့ ကလေးတွေထဲက ကလေးတချို့ရဲ့မိဘတွေက ပန်းဘဲတန်းရဲစခန်းမှာ အမှုဖွင့် တိုင်ကြားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“မနေ့ ဒီဇင်ဘာ ၁၅ ရက်က အမှုဖွင့်လိုက်ပြီ။ ကျောင်းဘက်က ဖွင့်တာတော့ မဟုတ်ပါဘူး။ ကလေးမိဘနှစ်ယောက်က ဖွင့်တာပါ။ သက်သေ ဗီဒီယိုတွေလည်း တာဝန်ရှိသူတွေ လက်ထဲ ရောက်သွားပါပြီ” လို့ အဲ့ဒီ့ကျောင်းနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

ဒီအမှုအတွက် လိုအပ်တဲ့ ဗီဒီယိုသက်သေကို ရရှိဖို့ ကလေး ခုနစ်ယောက်လောက်က အရှက်သိက္ခာမငဲ့ဘဲ ဝိုင်းဝန်းကြိုးစားခဲ့ပြီး ထောင်ဖမ်းခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

“‌အဲ့ဒီ့ကျောင်းရဲ့ ဂေါပကအဖွဲ့က အရင်ကဒါကို ဘယ်လိုပြောပြော မယုံကြဘူး။ ဒါနဲ့ ကလေးတွေက မခံမရပ်နိုင်ဖြစ်လာပြီး ဒီကိစ္စကို ဗီဒီယိုသက်သေရအောင် လုပ်မယ်ဆိုပြီး ကလေးတ‌ယောက်က ဆရာကသူ့ကို ကျောင်းအပေါ်ထပ်ကို ခေါ်တဲ့အချိန်မှာ တခြားကလေးတွေနဲ့ တိုင်ပင်ပြီး တံခါးကို သော့မခတ်ခဲ့ဘဲနဲ့ ထားခဲ့လိုက်တာ။ အဲ့ဒီ့မှာ တခြားကလေးတွေက ဗီဒီယိုရအောင် ရိုက်လိုက်တာပါ။ အဲ့ဒီ့တော့မှ သက်သေရတာ။ နောက်ဆုံး ဒီ ဗီဒီယိုသက်သေကို ရပြီဆိုတော့မှ ဒီဆရာနှစ်ယောက်ကို ကျောင်းထုတ်ပါပြီဆိုပြီး ဂေါပက က လုပ်တာ” လို့ ဒီဖြစ်စဉ်ကို သိရှိသူတယောက်က ပြောပါတယ်။

ပြစ်မှု ကျူးလွန်ခဲ့တဲ့ ဆရာနှစ်ယောက်ကို ‌အဲ့ဒီ့ကျောင်းရဲ့ ဂေါပကအဖွဲ့က သက်ဆိုင်ရာကို တိုင်တန်းပြီး ထိရောက်တဲ့ အရေးယူမှုတွေ မပြုလုပ်ဘဲ ခံဝန်ကတိလက်မှတ် ရေးထိုးခိုင်းကာ ကျောင်းကနေထုတ်ပယ်ခဲ့တာလောက်သာ ပြုလုပ်ခဲ့တာကြောင့် ဘာသာရေးအသိုင်းအဝိုင်းကြား ဝေဖန်မှုတွေ ပြင်းထန်ခဲ့ပါတယ်။

“ဒီဟာက လူမျိုးရေးကိစ္စလည်း မဟုတ်ဘူး။ ဘာသာရေး ကိစ္စလည်း မဟုတ်ဘူး။ ရာဇဝတ်မှုကျူးလွန်တဲ့ကိစ္စ ဖြစ်တယ်။ ဗီဒီယိုထွက်လာပြီဆိုတော့မှ ဂေါပက က တကြောင်းမျဉ်းစက္ကူစုတ်မှာ လက်ရေးနဲ့စာရေး လက်မှတ်ထိုးပြီး ကြော်ငြာသင်ပုန်းမှာ စာကပ်ပြီး ကျောင်းဆရာနှစ်ယောက်ကို ကျောင်းကနေထုတ်လိုက်တယ်ဆိုတဲ့ပုံစံ ရေးထားတာ။ နောက်ထပ် စာရွက်တရွက်ကကျတော့ ခံဝန်ချက်နဲ့ ဒီဇင်ဘာ ၁၂ ရက်နေ့ ရက်စွဲနဲ့ လက်မှတ်ထိုးပြီးတော့ သူတို့ကို ကျောင်းထုတ်လိုက်ပါတယ်ဆိုပြီး လုပ်ထားတာ။ ဆိုတော့ ဒီဟာမျိုးနဲ့တင် သူတို့က ဇာတ်လမ်းကိုဖြတ်ဖို့ လုပ်ထားတာ။ ပြီးတော့ ကျောင်းသားမိဘတွေနဲ့ ကျိတ်ပြီး ဖြေရှင်းနေကြတာ။ အဲ့ဒါကြောင့် ကျွန်‌တော်က ဒီကိစ္စကို အင်တာနက်ပေါ်တင်လိုက်တာပါ။ ဒီကိစ္စက ရာဇဝတ်မှု ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ရာဇဝတ်မှုအတိုင်း ဖြေရှင်းရမယ်။ လက်ရှိ တိုင်းပြည်မှာ ဘယ်သူပဲ အုပ်ချုပ်နေ၊ အုပ်ချုပ်နေ။ ဒီကိစ္စက ရဲလက်ကို အပ်ကိုအပ်ရမယ်။ ဒါမျိုး ကျွန်တော်ကပြောပေမယ့် မရဘူး။ အဲ့ဒါနဲ့ နောက်ဆုံး တနည်းပဲရှိတော့တယ်ဆိုပြီး အင်တာနက်ပေါ်တင်လိုက်တာပါ။ သက်သေ ဗီဒီယိုရတာလည်း နှစ်ပတ်လောက်ရှိနေပြီ။ ဒီဖြစ်စဉ်ဖြစ်တာလည်း ကြာပြီ။ မိဘတွေကလည်း တရှက်ကနေ နှစ်ရှက်တွေဘာတွေ၊ ပြီးတော့ အရှေ့မှာလည်း ဖြစ်စဉ်တွေ ရှိခဲ့ဖူးတော့ တရားရေး မယုံတဲ့အပိုင်းတွေလည်းရှိတော့ သူတို့ဒါကို ကျိတ်ပြီးဖြေရှင်းနေကြတာ။ အမှန်က ကျောင်းက တာဝန်ရှိသူတွေက အမှုဖွင့်ရမှာ။ ဒါပေမယ့် ကျောင်းကဒါကို ကလေးမိဘတွေကိုယ်တိုင် အမှုမဖွင့်ရင် သူတို့ဘာမှလုပ်လို့မရဘူးဆိုတဲ့ ပုံစံမျိုး လုပ်ထားတာ။ ကလေးမိ‌ဘတွေ အမှုမဖွင့်လို့ ငါတို့ဘာမှမလုပ်ရတာပါဆိုတဲ့ ပုံစံမျိုး။ ကလေးမိဘတွေကိုလည်း အမှုမဖွင့်နိုင်အောင် အကြောက်တရားသွင်းထားတယ်။ နောက်ဆုံး ဒီကိစ္စကို လိုက်ပြီးဆောင်ရွက်နေသူတွေက မနည်းတွန်းအားပေးတော့မှ မနေ့ကမှ ကျောင်းသားမိဘ နှစ်ယောက်က အမှုဖွင့်ဖြစ်သွားတာပါ” လို့ သူက ပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ VOM က ပန်းဘဲတန်းရဲစခန်းကို ဖုန်းနဲ့ ဆက်သွယ်မေးမြန်းရာမှာ စခန်းတာဝန်ရှိသူက အမှုဖွင့်ထားတာမှန်ကန်ကြောင်း ပြန်လည် ဖြေကြားခဲ့ပါတယ်။

ပြစ်မှုကျူးလွန်သူတွေကတော့ လက်ရှိမှာ လွတ်မြောက်နေဆဲဖြစ်ပြီး သူတို့ရဲ့နေအိမ်တံခါးတွေ သော့ခတ်ထားတာကိုလည်း တွေ့ရတယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။

 

Related posts

Leave a Comment

VOM News

FREE
VIEW