မူဆယ် – နမ့်ခမ်း လမ်းပေါ် စယ်လန့်မှာ စစ်ရှောင်တွေအပါအဝင် ခရီးသွားပြည်သူ အများအပြား ပိတ်မိနေ

 

ဒီဇင်ဘာ ၁၆၊ ၂၀၂၃

Shy V (VOM)

ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ် – နမ့်ခမ်း လမ်းမကြီး စယ်လန့်ရွာနားမှာ ဒီဇင်ဘာ ၁၆ ရက်နေ့က စစ်ရှောင်တွေအပါအဝင် ခရီးသွားပြည်သူ အများအပြား ပိတ်မိနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။

“ခုဏကပဲလေ။ စယ်လန့်မှာ။ ဝင်လို့ပဲရတယ်။ ထွက်လို့ မရဘူး ပြောတယ်။ စယ်လန့်မှာ TNLA တွေ ထိုင်တယ်လေ။ မူဆယ် – နမ့်ခမ်း လမ်းမပေါ် ကားလည်း မှောက်တယ်၊ စစ်ဘေးရှောင်တွေလည်း များတယ် ” လို့ ဒေသခံ အမျိုးသား တဦးက ပြောပါတယ်။

နမ့်ခမ်းမှာ နစကတပ်နဲ့ TNLA ပူးပေါင်း မဟာမိတ်အဖွဲ့ တို့ကြား တိုက်ပွဲ ဖြစ်ပွားနေတာ တလ ကျော် ကြာလာပြီ ဖြစ်ပြီး မူဆယ်နဲ့ နမ့်ခမ်း ကြား အသွားအလာကို မကြာခဏ ပိတ်လိုက် ဖွင့်လိုက် ဖြစ်နေတယ်လို့ ဆိုပါတယ်။

“စယ်လန့်မှာ ကားတွေလည်း ပိတ် မိနေတယ်။ စစ်ဘေးရှောင် ထွက်‌ ပြေးလာတဲ့ လူတွေလည်း အများကြီးပါတယ် ၊တည်းဖို့ခိုဖို့ခက်နေတယ်။” လို့ နောက်ထပ် ဒေသခံ တဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ရက် ဒီဇင်ဘာ ၁၂ နဲ့ ၁၃ ရက် နေ့တွေမှာလည်း မူဆယ် – နမ့်ခမ်းလမ်း စယ်လန့်မှာ လမ်းပိတ်ထားလို့ တိန်းလုံရွာ အနီးမှာ ပြည်သူ ရာချီ နှစ်ရက်ကျော်ကြာ ပိတ်မိခဲ့ ပါတယ်။

ခရီးသွား ပြည်သူတွေ ခက်ခဲ ဒုက္ခ ရောက်ကြရတာကြောင့် တနေကုန် လမ်းဖွင့် မပေးနိုင်ရင်တောင် အချိန် အကန့်အသတ်နဲ့ ဖြစ်ဖြစ် လမ်းဖွင့်ပေးစေလိုကြောင်း ဒေသခံတွေက ပြောပါတယ်။

Photo Crd# ဒေသခံ

Related posts

Leave a Comment

VOM News

FREE
VIEW