ဝါကျွတ်အပြီး ရန်ကုန်အိမ်ခြံမြေဈေးကွက် အရောင်းအဝယ်အေး

 

ဒီဇင်ဘာ ၂၀ – ၂၀၂၃

SN (VOM)

ဝါကျွတ်ကာလဖြစ်ပေမယ့် လက်ရှိ ရန်ကုန်အိမ်ခြံမြေ ဈေးကွက်အတွင်း ရင်းနှီးမြှုပ်နှံလိုသူတချို့လောက်သာ အဝယ်ရှိနေပြီး ဈေးကွက်အေးနေတယ်လို့ အိမ်ခြံမြေ အကျိုးဆောင်တွေဆီက သိရပါတယ်။

ပုံမှန်အရောင်းဝယ်ရှိနေတဲ့ ဒဂုံမြို့သစ် လေးမြို့နယ်က အိမ်ခြံမြေဈေးတွေဟာလည်း ပြီးခဲ့တဲ့ ဩဂုတ်လကုန်ပိုင်းမှ စတင်ကာ အရောင်းအဝယ်အေးလာပြီး အထွေထွေကုန်ဈေးနှုန်း မြင့်တက်နေတာကြောင့်လည်း အိမ်ခြံမြေ ဝယ်ယူနေထိုင်ခြင်းထက် အငှားနေထိုင်သူတွေသာ များပြားလျက်ရှိနေတယ်လို့ သိရပါတယ်။

“လက်ရှိကာလမှာကတော့ အိမ်ခြံမြေဈေးကွက်မှာ အရောင်းအဝယ်ဖြစ်တာထက် အငှားပဲရှိတယ်။ အရောင်းအဝယ်သာ မကောင်းတာ။ ဈေးကတော့ နှစ်ဆတက်နေတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လတုန်းကတော့ ငွေစက္ကူသစ်ထုတ်မယ့် သတင်းကြောင့် အရောင်းအဝယ်က သိသိသာသာ ကောင်းခဲ့တာပေါ့။ ဒါပေမယ့် အဲ့ဒီ့နောက်ပိုင်းကတော့ အစစအရာရာ ကုန်ဈေးနှုန်းတွေကလည်း တက်နေတော့ အရောင်းအဝယ်တွေ ပြန်အေးနေတယ်။ ရင်းနှီးမြှုပ်နှံချင်တဲ့သူတွေတောင် အဝယ်သိပ်မရှိတော့ဘူး။ တခြားလုပ်ငန်းတွေမှာ ပြောင်းပြီး ရင်းနှီးမြှုပ်နှံမှုကုန်ကြပြီ။ အိမ်ဆောက်မယ့်သူတွေတောင် ဒီနှစ်ထဲ သိပ်မဆောက်ကြတော့ဘူး” လို့ အိမ်ခြံမြေ အကျိုးဆောင်တယောက်က ပြောပါတယ်။

ငှားရမ်းမှုအများဆုံး မြို့နယ်တွေကတော့ သင်္ဃန်းကျွန်း၊ သာကေတ၊ ဒေါပုံ၊ လှိုင်၊ ကမာရွတ်၊ ဒဂုံလေးမြို့နယ်နဲ့ ရွှေပေါက်က္ကံ၊ ရွှေပြည်သာ၊ လှိုင်သာယာမြို့နယ်တွေဖြစ်ပြီး မြို့တွင်း မြို့နယ်တွေ အနေနဲ့ အိမ်ငှားရမ်းခဈေးနှုန်း ပိုမိုမြင့်မားကာ မြို့အစွန်ပိုင်း မြို့နယ်တွေမှာတော့ အိမ်ငှားရမ်းခနှုန်း သက်သာမှုရှိတယ်လို့ သိရပါတယ်။

လက်ရှိ အိမ်အငှားဈေးကွက်မှာ တော့ အရင်က တသိန်းအောက်ဈေးရှိနေတဲ့ အငှားခန်းတွေက လက်ရှိမှာ နှစ်သိန်းဝန်းကျင်ကနေ သုံးသိန်းကြားအထိ ငှားရမ်းခဈေးနှုန်းတွေတက်လာသလို အငှားဈေးများတဲ့ အိမ်ခန်းတွေအနေနဲ့လည်း ငါးသိန်းကနေ သိန်းဆယ်ချီအထိ ရှိနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် အိမ်ခြံမြေဆိုင်ရာ အခွန်အခတွေကြောင့်လည်း အိမ်ခြံမြေဈေးကွက် အေးနေခြင်းဖြစ်တယ်လို့ သိရပြီး လက်ရှိမှာ အရင်က ကြပ်မတ်မှုအားနည်းခဲ့တဲ့ ရောင်းခွန်တွေကိုပါ ကြပ်မတ်လာတာကြောင့် ရောင်းခွန်ဆောင်မှသာ ဝယ်သူအတွက် ဝယ်ခွန်ဆောင်ကာ အမည်ပြောင်းခွင့်ရတဲ့ အခြေအနေမျိုး ဖြစ်တယ်လို့ သိရပါတယ်။

“တချို့ အရောင်းအဝယ်တွေမှာကျတော့ ရောင်းတဲ့သူက ရောင်းခွန်မဆောင်ဘဲ ရှောင်သွားတာတွေရှိတော့ ဝယ်သူအတွက် အခက်အခဲဖြစ်ရတယ်ပေါ့။ ရောင်းသူနဲ့ ဝယ်သူကြားမှာ အငြင်းပွားမှုတွေ ဖြစ်လာသလို ဝယ်သူတွေအနေနဲ့ကလည်း အရင်လို မဝယ်ရဲကြတော့ဘူး။ အဲ့ဒါကြောင့် အရောင်းအဝယ်အေးလာတာလည်းပါတယ်” လို့ အိမ်ခြံမြေလုပ်ငန်း လုပ်ကိုင်သူတယောက်က ပြောပါတယ်။

လက်ရှိ အိမ်ခြံမြေ ဈေးကွက်အတွင်း ငွေကြေးတန်ဖိုး ကျဆင်းမှာကို စိုးရိမ်ကာ ရင်းနှီးမြှုပ်နှံသူ အနည်းငယ်ရှိသလို တက်စျေးမျှော်ပြီး ဝယ်ယူထားသူတွေလည်း ရှိပြီး လတ်တလောအ‌ခြေအနေအရ မျှော်မှန်းထားသလိုမဖြစ်ဘဲ ငွေမြုပ်နေတဲ့ အခြေအနေမျိုးကို ကြုံတွေ့နေရတယ်လို့ သူက ပြောပါတယ်။

ဒါ့အပြင် ပြန်ရောင်းထုတ်ဖို့ စီစဉ်ထားသူတွေအနေနဲ့လည်း ဝယ်လက်ပျောက်ဆုံးနေပြီး စျေးလျှော့ရောင်းချနေသည့်တိုင်အောင် အရောင်းအဝယ် ဖြစ်လာခြင်းမရှိတဲ့ အခြေအနေမျိုးတွေလည်း ကြုံတွေ့နေရတယ်လို့ သိရပါတယ်။

 

Related posts

Leave a Comment

VOM News

FREE
VIEW