စစ်ပွဲအဆုံးသတ်စေတဲ့ သဘောတူညီချက်မရမချင်း အစ္စရေးဓါးစာခံတွေ ပြန်လွှတ်မပေးတော့ဘူးလို့ ဟားမတ်စ်အဖွဲ့ပြော

 

ဂါဇာစီးတီး၊ ဒီဇင်ဘာ-၂၂-၂၀၂၃

မျိုးဆက်(VOM)

ဂါဇာစစ်ပွဲ အဆုံးသတ်စေတဲ့ အပြည့်အဝအပစ်ရပ်စဲရေး သဘောတူညီချက် မရမချင်း ဖမ်းဆီးထားတဲ့ အစ္စရေးဓါးစာခံတွေကို ပြန်လွှတ်ပေးမှာမဟုတ်ကြောင်း ဂါဇာကမ်းမြှောင်ကို ထိန်းချုပ်ထားတဲ့ ဟားမတ်စ်အဖွဲ့က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ဓါးစာခံ ၁၀၀ ကျော်လွတ်မြောက်ခဲ့တဲ့ ယခုလအစောပိုင်းက ယာယီအပစ်အခတ်ရပ်စဲရေး သက်တမ်းကုန်ပြီးနောက်ပိုင်း ဟားမတ်စ်တိုက်ခိုက်ရေးသမား နှစ်ထောင်ကျော်ကို သုတ်သင်နိုင်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။

ဟာမတ်စ်တို့ဟာ အောက်တိုဘာ ၇ ရက်က အစ္စရေးကို ဝင်ရောက်တိုက်ခိုက်ပြီးနောက် ဖမ်းဆီးသွားတဲ့ အစ္စရေးဓါးစာခံ ၁၀၀ ကျော်ဟာ ဂါဇာကမ်းမြှောင်ဒေသမှာ ဖမ်းဆီးထားဆဲလို့ ယုံကြည်ရပါတယ်။

အစ္စရေး-ဟားမတ်စ်စစ်ပွဲနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်တခုချမှတ်ဖိုပ ကုလသမဂ္ဂမှာ ဆက်လက်ကြိုးပမ်းနေပါတယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်မူကြမ်းအတွက် စိုးရိမ်ပူပန်မှုတွေရှိနေဆဲဖြစ်ကြောင်း အမေရိကန်က ပြောကြားထားပြီး မဲခွဲဆုံးဖြတ်မှုကို လက်ရှိမှာ ရွှေ့ဆိုင်းလိုက်ပါတယ်။

ဂါဇာကမ်းမြှောင်ဒေသမှာတော့ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီး အစ္စရေးက ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်နေသလို ဟားမတ်စ်တို့ကလည်း အစ္စရေးရဲ့ တဲလ်အဗစ်မြို့ကို ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့တဲ့ ပါလက်စတိုင်းတွေထဲမှာ တောင်ပိုင်း ခန်းယွန်နစ်မြို့က ရဲစခန်းက ညွှန်ကြားရေးမှူးတယောက်ပါသလို ဂါဇာကျန်းမာရေးဝန်ကြီးရဲ့ သမီးတယောက်လည်း ပါဝင်နေပါတယ်။ အစ္စရေး-ဟားမတ်စ်စစ်ပွဲ ဆက်လက်ဖြစ်ပွားနေမယ်ဆိုရင် ဂါဇာဒေသခံတွေ အငတ်ဘေးဆိုက်နိုင်ကြောင်း ကုလသမဂ္ဂက သတိပေးထားပါတယ်။

Ref:BBC

Photo:Reuters

 

Related posts

Leave a Comment

VOM News

FREE
VIEW