ဆန်၊ ပဲ၊ ပြောင်း လုပ်ငန်းရှင်တွေရဲ့ ပို့ကုန်ရငွေနဲ့ စက်သုံးဆီ ကိုယ်တိုင်တင်သွင်းနိုင်သလို တခြားတင်သွင်းမယ့် ကုမ္ပဏီတွေကိုလည်း ရောင်းချနိုင်

 

ဒီဇင်ဘာ ၂၂ – ၂၀၂၃

SN (VOM)

ဆန်၊ ပဲ၊ ပြောင်း လုပ်ငန်းရှင်တွေအနေနဲ့ ပို့ကုန်ရငွေရဲ့ ၇၀ ရာခိုင်နှုန်းကို စက်သုံးဆီ ကိုယ်တိုင် တင်သွင်းနိုင်သလို တခြားတင်သွင်းမယ့် ကုမ္ပဏီတွေကိုလည်း ရောင်းချနိုင်တယ်လို့ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) က မနေ့ ဒီဇင်ဘာ ၂၁ ရက်မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။

စက်သုံးဆီ တင်သွင်းမှုလုပ်ငန်းစဉ်တွေအတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အကောက်ခွန်ဦးစီးဌာနမှ ပေးပို့လာတဲ့ ဆန်၊ ဆန်ကွဲ၊ ပဲမျိုးစုံ နဲ့ ပြောင်း တင်ပို့တဲ့ ကုမ္ပဏီတခုချင်းရဲ့ ပို့ကုန်ကြေညာလွှာ (Export Declaration) စာရင်းတွေကို သက်ဆိုင်ရာ AD လိုင်စင်ရဘဏ်တွေဆီ ပေးပို့သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ပို့ကုန်ကြေညာလွှာအရ သတ်မှတ်ရက်အတွင်း ဝင်ရောက်လာတဲ့ ပို့ကုန်ရငွေ ၃၀ ရာခိုင်နှုန်းအနက်မှ ၃၅ ရာခိုင်နှုန်းကို ဗဟိုဘဏ် ရည်ညွှန်းဒေါ်လာလဲနှုန်း ၂၁၀၀ ကျပ်နဲ့ AD လိုင်စင်ရဘဏ်တွေက မြန်မာကျပ်ငွေနဲ့ တရက်အတွင်း လဲလှယ်ပေးမှာဖြစ်ပြီး ၆၅ ရာခိုင်နှုန်းကတော့ ဈေးကွက်ပေါက်ဈေးအတိုင်း AD လိုင်စင်ရဘဏ်တွေမှာ ရောင်းချနိုင်တယ်လို့ သိရပါတယ်။

ကျန်ပို့ကုန်ရငွေ ၇၀ ရာခိုင်နှုန်းကတော့ စက်သုံးဆီ တင်သွင်းခြင်းအတွက် ပြည်ပကိုပေးချေဖို့ ကုမ္ပဏီရဲ့ နိုင်ငံခြားငွေစာရင်းမှာ ထည့်သွင်းထားရှိရမှာဖြစ်ပြီး ပို့ကုန်ကုမ္ပဏီကိုယ်တိုင် စက်သုံးဆီတင်သွင်းမယ်ဆိုရင် အဲ့ဒီနိုင်ငံခြားငွေစာရင်းရှိ ပို့ကုန်ရငွေ ၇၀ ရာခိုင်နှုန်းမှ ပေးချေနိုင်တယ်လို့ သိရပါတယ်။

“သူတို့ကတော့ လတ်တလော စက်သုံးဆီ ရှားပါးနေတဲ့ ပြဿနာကိုဖြေရှင်းဖို့ ကြိုးစားနေကြတာပေါ့လေ။ စက်သုံးဆီဆိုတာက နိုင်ငံတနိုင်ငံရဲ့ အဓိက စီးပွားရေးသော့ချက်ကြီးကိုး။ ဒါပေမယ့် ဒီဘက်မှာကျ ကျွန်တော်တို့တွေက ဘာဖြစ်လဲဆိုတော့ လုပ်ငန်းတခုကနေ နောက်တခုကို ချက်ချင်းပြောင်းဖို့က အဆင်မပြေဘူး။ အချိန်လည်းလိုသလို လုပ်ငန်းကျွမ်းကျင်မှု အပိုင်းလည်း လိုအပ်တယ်။ ပြင်ဆင်မှုအပိုင်းတွေလည်း အများကြီးလိုတယ်။ သူများကိုပြန်ရောင်းတဲ့ အဆင့်ထိရောက်ဖို့ အသာထား၊ ဒါကို ဒီဆီတင်သွင်းတဲ့ လုပ်ငန်းပိုင်းကို ကျွမ်းကျွမ်းကျင်ကျင် လုပ်နိုင်ဖို့ အချိန်ပေး လေ့လာရမယ့်အပိုင်းတွေလည်း အများကြီးရှိတယ်” လို့ ပို့ကုန်လုပ်ငန်းရှင်တယောက်က ပြောပါတယ်။

UMFCCI ရဲ့ ထုတ်ပြန်ချက်မှာတော့ စက်သုံးဆီတင်သွင်းတဲ့ ကုမ္ပဏီတွေထံ ဆန်၊ ဆန်ကွဲ၊ ပဲမျိုးစုံ၊ ပြောင်း တင်ပို့ခြင်းမှ ရရှိထားတဲ့ ပို့ကုန်ရငွေ ၇၀ ရာခိုင်နှုန်းကို ရောင်းချပေးပါက သက်ဆိုင်ရာ AD လိုင်စင်ရဘဏ်တွေကနေ အွန်လိုင်းထရိတ်ဒင်းပလက်ဖောင်းမှာ တင်ပြပြီး အရောင်းအဝယ်ဆောင်ရွက်ရမှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ရောင်းချသူရဲ့ နိုင်ငံခြားငွေစာရင်းမှ ဝယ်ယူသူရဲ့ နိုင်ငံခြားငွေစာရင်းကို လွှဲပြောင်းပေးဖို့နဲ့ မတူညီတဲ့ ဘဏ်တွေအကြား လွှဲပြောင်းခြင်းကိုလည်း ဆောင်ရွက်နိုင်တယ်လို့ သိရပါတယ်။

စက်သုံးဆီတင်သွင်းမယ့် ကုမ္ပဏီမှ လိုင်စင်လျှောက်ထားရာမှာ ဆန်၊ ဆန်ကွဲ၊ ပဲမျိုးစုံနဲ့ ပြောင်း တင်ပို့ရာမှ ပို့ကုန်ဝင်ငွေ ရရှိထားကြောင်း (ဒါမှမဟုတ်) ဆန်၊ ဆန်ကွဲ၊ ပဲမျိုးစုံနဲ့ ပြောင်း တင်ပို့တဲ့ ကုမ္ပဏီမှ ပို့ကုန်ရငွေ ဝယ်ယူထားကြောင်း အထောက်အထားအဖြစ် AD လိုင်စင်ရဘဏ်တွေက ထုတ်ပေးတဲ့ Credit Advice နဲ့ Bank Statement မူရင်းကို တင်ပြရမယ်လို့ အသိပေးထားပါတယ်။

ဒါနဲ့ ပတ်သက်လို့ နောက်ထပ် လုပ်ငန်းရှင်တယောက်က “လုပ်ငန်းတခု ပြောင်းဖို့က ကျွမ်းကျင်တဲ့ ဝန်ထမ်းလည်း ရှိရမယ်။ ဆီသိုလှောင်ကန်တွေလည်း ရှိရဦးမယ်။ စက်သုံးဆီ ဆိုတာက တော်တော်ထားရခက်တဲ့ ပစ္စည်းလေ။ အဲ့တော့ လုပ်ငန်းတခုကနေ နောက်တခုပြောင်းလုပ်ဖို့က ထင်သလောက် မလွယ်ကူဘူး။ ချက်ချင်းကြီး ဘယ်လိုမှ အဆင်မပြေနိုင်ဘူး။ ဆီသမားကို ပဲ၊ ပြောင်း သွင်းခိုင်းလို့ရော ချက်ချင်း အဆင်ပြေနိုင်မလား။ ဒါ အကြမ်းဖျင်း စဉ်းစားကြည့်လို့ရတယ်။ ဆန်ဆိုရင်လည်း ဆန်စက်တို့၊ အခြောက်ခံစက်တို့၊ ဆန်သိုလှောင်မယ့်နေရာတို့၊ ကျွမ်းကျင်တဲ့ဝန်ထမ်းတို့ ရှိရမယ်။ စက်သုံးဆီဆို တော်တော်တောင်မှ ထည့်စရာ၊ ထားစရာခက်တဲ့ ပစ္စည်းလေ” လို့ ပြောပါတယ်။

လက်ရှိ ပြည်တွင်းမှာ စက်သုံးဆီ အခက်အခဲကြောင့် စပါးရိတ်ခြွေစက် နှုန်းထားတွေဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကထက် သုံးဆလောက် မြင့်တက်နေပြီး တဧက ကျပ် နှစ်သိန်းခွဲအထိ ရောက်ရှိနေတာကြောင့် လတ်တလော ဆီအခက်အခဲတွေ ပြေလည်ဖို့ ဌာနဆိုင်ရာတွေဘက်က ပို့ကုန်သမားတွေကို အခုလို ဆီတင်သွင်းခွင့်ပေးမယ့်အစီအစဉ်တွေ လုပ်ဆောင်လာတာဖြစ်တယ်လို့ သိရပါတယ်။

စက်သုံးဆီဝယ်ရခက်တဲ့ အခြေအနေတွေကြောင့် စက်သုံးဆီဆိုင်တွေမှာ နာရီပေါင်းများစွာကြာအောင် တန်းစီစောင့်ဆိုင်းရသလို စက်သုံးဆီ အရောင်းဆိုင်ကြီးတွေမှာ တလီတာ ကျပ် ၂၅၀၀ ကျော်ရှိတဲ့ ဓာတ်ဆီဈေးက ပြင်ပဈေးကွက်အတွင်း ၄၅၀၀ ကျပ်ကနေ ၅၀၀၀ ကျပ်အထိ ဈေးတင်ရောင်းချမှုတွေလည်း ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

 

 

Related posts

Leave a Comment

VOM News

FREE
VIEW